ရန်ကုန်မြို့မှ  Honey Nest Bar နှင့် စစ်ကောင်စီတည်းခိုဆောင်အနီး ပေါက်ကွဲမှုဖြစ်၊လူထိခိုက်မှုမရှိ

By ဂန္ဒမာ (မဇ္ဈိမ)
14 November 2023
ရန်ကုန်မြို့မှ  Honey Nest Bar နှင့် စစ်ကောင်စီတည်းခိုဆောင်အနီး ပေါက်ကွဲမှုဖြစ်၊လူထိခိုက်မှုမရှိ
ပုံအညွှန်း - တိုက်ခိုက်မှု သုံးကြိမ်တိုင် ဖြစ်ပွါးဖူးသော Honey Nest Bar (ပုံဟောင်း)

ရန်ကုန်မြို့တွင်  ယမန်နေ့ နိုဝင်ဘာ ၁၃ ရက်ညက  မရမ်းကုန်းမြို့နယ်၊ သမိုင်းဘူတာရုံလမ်းရှိ စစ်ကောင်စီနှင့် ဆက်စပ်မှုရှိသော  Honey Nest Bar နှင့် လှိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များတည်းခိုဆောင်အနီးတွင် ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း မြို့ခံများကပြောသည်။

Honey Nest Bar တွင် နိုဝင်ဘာ ၁၃ ရက် ည ၉ နာရီ ၃၀ မိနစ်အချိန်ခန့်က ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။ဘား၏ အဆောက်အဦးအပြင်ဘက်၌ ပေါက်ကွဲခြင်းဖြစ်ပြီး လူထိခိုက်မှု မရှိဟု သမိုင်းဘူတာရုံလမ်းအနီးနေသူများကပြောသည်။

Honey Nest Bar တွင် ၂၀၂၂ ခုနှစ် ၊ ဧပြီလ ၅  ရက် ညက ဗုံးပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ခဲ့သည်။ စစ်တပ်နှင့်ပတ်သက်ဆက်နွယ်သူများ ဖွင့်လှစ်ထားသည့် ဘားဖြစ်ကြောင်းသတင်းများထွက်ပေါ်သလို စစ်ကောင်စီတပ်အကြီးအကဲများ၏ သားသမီးများ၊ စစ်တပ်ထောက်ခံသူများ လာရောက်ပျော်ပါးသည့်နေရာဖြစ်သောကြောင့် တိုက်ခိုက်ခြင်းဟု မြို့ပြ တော်လှန်ရေးအင်အားစုများကပြောသည်။

အလားတူ ယမန်နေ့ည ၇ နာရီ ၃၀ မိနစ်ဝန်းကျင်က လှိုင်မြို့နယ်၊ အုတ်ကျင်းမှတ်တိုင်အနီးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တည်းခိုကြသည့် တည်းခိုဆောင်အနီးတွင်လည်း ပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရသည်။ 

“ဘုရင့်နောင်ဘက်က အုတ်ကျင်းကိုဝင်မယ်ဆို အမှတ် ၁ တည်းခိုဆောင်ရှိတယ်။ အဲ့မှာ တင့်ကားတွေကအစရှိတယ်။ ရန်ကုန် အင်းစိန်လမ်းဘက်က ဝင်မယ်ဆိုရင် အုတ်ကျင်းလမ််းထိပ်နဲ့မျက်နှာချင်းဆိုင်မှာ ချည်မျှင်နဲ့အထည်စက်ရုံရှိတယ်။ သူကလည်းစစ်တပ်ပိုင်ဆိုတော့ အဲ့မှာ ကင်းပုန်းတွေရှိတယ်။ ထိပ် နှစ်ခုလုံးမှာရှိတယ်။ ပေါက်ကွဲမှုဖြစ်တာက စစ်တပ်ရှိတဲ့နေရာနားတဝိုက်ပါ” ဟု ရန်ကုန်မြို့မှ မြို့ပြတော်လှန်ရေးရဲဘော်တဦး ပြောသည်။ 

ဧည့်ရိပ်သာဟု ခေါ်ကြသည့် အုတ်ကျင်းတည်းခိုဆောင်သည် စစ်သားများအတွက် စစ်ကောင်စီကနေရာပေးထားသော တည်းခိုဆောင်ဖြစ်သည်။ ယခုပေါက်ကွဲမှုဖြစ်သော နေရာမှာ အမှတ်(၁) တည်းခိုဆောင်အနီး၌ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ညက ပေါက်ကွဲမှုဖြစ်စဉ် နှစ်ခုစလုံးသည် အသံမိုင်းပေါက်ကွဲခြင်းဖြစ်နိုင်‌ ပြီး လူထိခိုက်မှုမရှိကြောင်း မြို့ခံအချို့က ပြောသည်။ ထိခိုက်ပျက်စီးမှု အသေးစိတ်ကို မသိရသေးပေ။

စာတည်း - အေးချမ်း
#Mizzima
#ရန်ကုန်မြို့
#မရမ်းကုန်းမြို့နယ်
#လှိုင်မြို့နယ်
#ပေါက်ကွဲမှု
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly