စစ်ကောင်စီ လက်အောက်ခံများ လက်နက်ချရန် AA တိုက်တွန်း

By မိုးသောက် (မဇ္ဈိမ)
14 November 2023
စစ်ကောင်စီ လက်အောက်ခံများ လက်နက်ချရန် AA တိုက်တွန်း
Photo - AFP

စစ်ကောင်စီ လက်အောက်ခံ တပ်သားများနှင့် ရဲများအနေဖြင့် အသက်မသေဘဲ မိသားစုဝင်များနှင့် ပြန်လည်တွေ့ဆုံလိုပါက လက်နက်ချကြရန်  ရက္ခိုင့်တပ်တော် (AA) ကတိုက်တွန်းပြောကြားလိုက်သည်။

"စစ်ကောင်စီလက်အောက်ခံ  မြန်မာတပ်မတော်သားတွေ ပြီးရင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲတွေ ကို ကျနော်တို့ပြောချင်တာကတော့ အသက်မသေဘဲ မိသားစု၊ဆွေမျိုး၊ညီကိုမောင်နှမတွေနဲ့ကောင်းကောင်းမွန်မွန်ပြန်ဆုံချင်ရင် ကျနော်တို့ရက္ခိုင်တပ်တော်ရဲ့ နီးစပ်ရာတပ်စခန်းတွေကို အမြန်ဆုံး ဆက်သွယ်ပြီးတော့မှ လက်နက်ချအညံ့ခံကြဖို့အတွက် ကျနော်တို့ အသိပေးလိုပါတယ်" ဟု AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သူခက ပြောသည်။ 

နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေစဉ်တွင် ဆက်သွယ်လာပြီး လက်နက်ချလာသည့် စစ်ကောင်စီလက်အောက်ခံများကို တပ်တော်အနေဖြင့် ကောင်းကောင်းမွန်မွန်စောင့်ရှောက်ထားပြီး မိသားစုဝင်များနှင့်အမြန်ဆုံးပြန်ဆုံနိုင်ရန် ကူညီလုပ်ဆောင်ပေးမည်ဟု သိရသည်။

နိုင်ဝင်ဘာလ ၁၃ရက်က စတင်ပြီး စစ်ကောင်စီနှင့်AAတပ်အကြားတိုက်ပွဲများ ဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။ မင်းပြားနှင့် မောင်တောမြို့နယ် အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲ နှစ်ခုတွင်   စစ်တွေအခြေစိုက် စစ်ကောင်စီဒုတပ်ရင်းမှူးအပါအဝင် ၁၀ ဦး ဖမ်းဆီး ရရှိခဲ့ပြီး စစ်ကောင်စီတပ်သား ၂၄ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့က ယနေ့ နိုဝင်ဘာလ ၁၄ရက်တွင် ထုတ်ပြန်ထားသည်။

အပေါက်ဝမြို့နယ်တွင်ရှိသော စစ်ကောင်စီ၏ လက်အောက်ခံ “အပေါက်ဝ ရဲစခန်း” မှ ရဲတပ်ဖွဲ့ ဝင် ၂၂ယောက်သည် AA ထံ လက်နက်များ နှင့်အတူ လက်နက်ချအလင်းဝင်လာခဲ့သည့်အပြင် အခြားနေရာနှစ်ခုမှ ရဲ ခြောက်ဦး လက်နက်ချခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရရသည်။

နှစ်ဖက်တိုက်ပွဲများပြင်းထန်နေသည့်ကြားတွင် ရခိုင်ပြည်နယ်ကို စစ်ကောင်စီက အဘက်ဘက်ကပိတ်ဆို့မှုများပြုလုပ်ထားကာ ရခိုင်ပြည်နယ်၏ အဝင်အထွက်ကိုပိတ်ဆို့ထားလျက်ရှိသည်။ စစ်ကောင်စီ၏အဆိုပါလုပ်ရပ်သည် ပြည်သူများကို စားနပ်ရိက္ခာပြတ်လပ်ပြီး ပိုမိုကြပ်တည်းစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရက္ခိုင့်တပ်တော်အပါအဝင် နိုင်ငံရေးလေ့လာသူများက သုံးသပ်နေကြသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima
#ရခိုင်ပြည်နယ်
#AA
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly