မြန်မာရှိ လူလိမ်ဂိုဏ်းအဖွဲ့ထံ၌ ပိတ်လှောင်ခံခဲ့ရသည့် နိုင်ငံသား ၁၉ ဦးကို ကယ်တင်နိုင်ခဲ့ဟု တောင်ကိုရီးယား ပြော

မြန်မာရှိ လူလိမ်ဂိုဏ်းအဖွဲ့ထံ၌ ပိတ်လှောင်ခံခဲ့ရသည့် နိုင်ငံသား ၁၉ ဦးကို ကယ်တင်နိုင်ခဲ့ဟု တောင်ကိုရီးယား ပြော

မြန်မာနိုင်ငံရှိ တရားမဝင် လုပ်ငန်းကုမ္ပဏီတခု၌ ပိတ်လှောင်ခံခဲ့ရသော တောင်ကိုရီးယားနိုင်ငံသား ၁၉ ဦးကို ကယ်တင်ပေးနိုင်ခဲ့သည်ဟု တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၄ ရက်တွင် ပြောသည်။

ထိုင်းနိုင်ငံနှင့် နယ်စပ်အနီး မြန်မာနိုင်ငံ ရှမ်းပြည်နယ် တာချီလိတ်မြို့၌ တောင်ကိုရီးယားသားတချို့ ပိတ်လှောင်ခံထားရသည် ဆိုပြီး ပြီးခဲ့သည့်လက သတင်းပေးမှု ရပြီးနောက် မြန်မာစစ်ကောင်စီ အာဏာပိုင်များထံမှ အကူအညီ တောင်းခံကြောင်း တောင်ကိုရီးယားဝန်ကြီးဌာနက ပြောသည်။

“အောက်တိုဘာလကုန်လောက်မှာ မြန်မာရဲတွေက အဲဒီကုမ္ပဏီကို ဝင်စီးနင်းခဲ့ပြီးတော့ မိမိတို့ နိုင်ငံသား ၁၉ ယောက်ကို ခေါ်ယူထိန်းသိမ်းစောင့်ရှောက်ခဲ့တယ်” ဟု ဝန်ကြီးဌာနက ထုတ်ပြန်ချက်တရပ်တွင် ပြောသည်။ ၎င်းတို့ကို နိုဝင်ဘာ ၁၃ ရက်တွင် ရန်ကုန်သို့ ဘေးကင်းစွာ ပို့ဆောင်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်အရ သိရသည်။

တောင်ကိုရီးယားနိုင်ငံသားများကို ပိတ်လှောင်ထားခဲ့သည်ဆိုသည့် ကုမ္ပဏီ၏ လုပ်ငန်း သဘောသဘာဝကို အသေးစိတ်ပြောဆိုရန် သို့မဟုတ် ကုမ္ပဏီ၏ ဖော်ပြရန် ဝန်ကြီးဌာနက ငြင်းဆန်သည်။ ယင်းအနေဖြင့် နိုင်ငံသားများကို ကူညီရန်နှင့် အမှုအခင်းတိုင်းကို ကာကွယ်ရန် မြန်မာတာဝန်ရှိသူများနှင့် အနီးကပ်လုပ်ဆောင်နေသည်ဟု ပြောသည်။

မှတ်ချက်ပေးရန် ပန်ကြားမှုကို မြန်မာစစ်ကောင်စီ ပြောရေးဆိုခွင့်ရှိတဦးကလည်း တုံ့ပြန်ဖြေကြားခြင်း မရှိပေ။

အဆိုပါ တောင်ကိုရီးယားနိုင်ငံသားများကို ကုမ္ပဏီက များပြားသည့် အကျိုးအမြတ်များ ရမည် ဆိုပြီး ကတိပေးကာ လိမ်ညာစည်းရုံးခေါ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း တောင်ကိုရီးယား KBS သတင်းဌာနက ဖော်ပြသည်။

အရှေ့တောင်အာရှ မြန်မာနိုင်ငံရှိ နယ်စပ်မြို့တချို့သည် အွန်လိုင်း အလိမ်အညာ ရိုက်စားလုပ်ငန်းများ၏ အချက်အချာအဖြစ် ပေါ်ထွက်ထားခဲ့သည်။

ပြီးခဲ့သည့် နှစ်များအတွင်း အရှေ့တောင်အာရှဒေသတခွင်တွင် ပျံ့နှံ့ပေါ်ပေါက်ခဲ့သည့် အလိမ်အညာ ရိုက်စားလုပ်ငန်းများနှင့် အခြားသော တရားမဝင် အွန်လိုင်းလုပ်ငန်းများတွင် အတင်းအကျပ် လုပ်ကိုင်စေရန် လူပေါင်းသိန်းချီသည် ရာဇဝတ်ဂိုဏ်းများ၏ လူကုန်ကူးခြင်းကို ခံခဲ့ရကြောင်း ဩဂုတ်လ ကုလသမဂ္ဂ အစီရင်ခံစာတရပ်တွင်‌ ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly