ကျောက်ဖြူမြို့ သဲချောင်းကျေးရွာအုပ်စုတွင် နွား ၃၃ ကောင် သေဆုံး

ကျောက်ဖြူမြို့ သဲချောင်းကျေးရွာအုပ်စုတွင် နွား ၃၃ ကောင် သေဆုံး
ဓာတ်ပုံ- CJ

စစ်တွေ၊ ဧပြီ ၂၆ ။             ။ ရာသီဥတုပူပြင်းမှုကြောင့် ကျောက်ဖြူမြို့နယ်၊ သဲချောင်းကျေးရွာအုပ်စုတွင် ယခု ဧပြီလအတွင်း နွားကောင်ရေ ၃၃ ကောင် သေဆုံးခဲ့ကြောင်း ကျောက်ဖြူမြို့နယ် တိရစ္ဆာန်မွေးမြူရေးနှင့်ကုသစောင့်ရှောက်ရေးဦးစီးဌာန (တိ/မွေးကု) မှ သိရသည်။

သေဆုံးခဲ့သည့် နွားကောင်ရေ အများစုမှာ ပူပြင်းသည့် ရာသီဥတုဒဏ်ကြောင့် ဖြစ်သည့် BQ-BLACK Quarter ခေါ် ခြေပုပ်လက်ပုပ်  ဗိုင်းရပ်စ် ပိုးဝင်ကာ သေဆုံးခြင်းဖြစ်ကြောင်းကျောက်ဖြူမြို့နယ် တိ/မွေးကု ဦးစီးအရာရှိ ဒေါက်တာ ကျော်နိုင်ဦးက မဇ္ဈိမက ပြောကြားခဲ့သည်။

“နွားတွေကို လယ်ကွင်းပြင်တွေမှာ ဒီအတိုင်း အကြာကြီး ပစ်ထားပြီး၊ ရောဂါဖြစ်တဲ့ ကောင်တွေနဲ့ရေတွေ အတူသောက်၊ သေဆုံးတဲ့ ကောင်တွေကို မြေမြုပ် မသဂြိုလ်ဘဲ ဒီအတိုင်းထားရာမှာ  ကူးစက်မှု ပိုမိုပျံ့နှံ့သွားတာပါ။ ပြီးရင် သေဆုံးတဲ့ နွားတွေကို လူတွေက စားကြတယ်။ စားလို့ မရဘူး ဆိုတာလည်း သတိပေးမှုတွေ ပြုလုပ်ထားပါတယ်။ ပထမ စပြီး သေဆုံးကတည်းကနေ လာပြီး အကြောင်းကြားခဲ့ရင် ဒီလောက်တော့ မသေဆုံးပါ။ ခုက သာမန် သေဆုံးမှုပဲ ထင်နေခဲ့ကြတာပေါ့။ အခုတော့ ကာကွယ် မှုတွေလည်း ပြုလုပ်ထားပြီးပါပြီ"

ရောဂါဖြစ်ပွားပြီး နွားကောင်ရေ သေဆုံးမှုဟာ ဧပြီ ၂၂ ရက်နေ့ အထိ ကျောက်ဖြူမြို့နယ် သဲချောင်းကျေးရွာအုပ်စု၊ ကာပီချောင်းကျေးရွာတွင် ၂၈ ကောင်၊ သဲချောင်းကျေးရွာတွင် ၅ ကောင် သေဆုံးခဲ့ပြီး၊ ရောဂါဖြစ်ပွားမှု ဖြစ်ပေါ်ခဲ့သည့် ပတ်ဝန်းကျင်တွင် ဆက်လက်ကူးစက်မှုများ မဖြစ်ပေါ်စေရန် နွားများကို မြို့နယ်တိ/မွေးကု၏ အစီစဉ်နှင့် ကာကွယ်ဆေးထိုးပေးထားပြီး ဖြစ်ကြောင်း သိရသည်။

ရာသီဥတုပူပြင်းမှု ဒဏ်ကြောင့် ကျောက်ဖြူမြို့နယ်ရှိ သဲချောင်းကျေးရွာအုပ်စု တစ်ခုတည်းရှိ နွားကောင်ရေ ၃၃ ကောင် သေဆုံးမှုမှာ ယခုနှစ်တွင် ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly