ချင်းပြည်နယ် တိုက်ပွဲကြောင့် မြန်မာနိုင်ငံသား ၂,၀၀၀ ကျော် အိန္ဒိယဘက် ထွက်ပြေးတိမ်းရှောင်

ချင်းပြည်နယ် တိုက်ပွဲကြောင့် မြန်မာနိုင်ငံသား ၂,၀၀၀ ကျော် အိန္ဒိယဘက် ထွက်ပြေးတိမ်းရှောင်

မြန်မာနိုင်ငံ၊ ချင်းပြည်နယ် ရိဒ်ခေါဒါရ်မြို့၌ တိုက်ပွဲများ ဖြစ်ပြီးနောက် မြန်မာနိုင်ငံသား ၂,၀၀၀ ကျော်သည် နိုင်ငံတကာ နယ်စပ်ကို ဖြတ်ကျော်ကာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးဝင်ရောက်လာကြောင်း အိန္ဒိယတာဝန်ရှိသူတဦးက နိုဝင်ဘာ ၁၃ ရက်တွင် ပြောသည်။

ချင်းပြည်နယ်ဘက်တွင် နိုဝင်ဘာ ၁၂ ရက်က အာဏာသိမ်းစစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များအကြား အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ချင်းပြည်နယ်နှင့် နယ်စပ်ချင်း ထိစပ်နေသည့် ချမ်ဖိုင်ခရိုင်မှ ဒုတိယကော်မရှင်နာ ဂျိမ်းစ် လယ်ရင်ချ်ဟာနာက ပြောသည်။

PDF တပ်ဖွဲ့များက အိန္ဒိယနယ်စပ်အနီး ချင်းပြည်နယ်ရှိ ရိဒ်ခေါဒါရ် နှင့် တီအိုချောင်း ရှိ စစ်တပ် စခန်းနှစ်ခုကို တိုက်ခိုက်ပြီးနောက် တိုက်ပွဲများ စတင်ခဲ့ကြောင်းနှင့် တိုက်ပွဲများသည် နိုဝင်ဘာ ၁၃ ရက်အထိ ဆက်လက်ဖြစ်ပွားကြောင်း ၎င်းက ပြောသည်။

တိုက်ပွဲများကြောင့် ချင်းပြည်နယ်ရှိ ရိဒ်ခေါဒါရ်၊ တီအိုချောင်းနှင့် အနီးအနား ကျေးရွာများမှ လူပေါင်း ၂,၀၀၀ ကျော်သည် အိန္ဒိယဘက် ထွက်ပြေးလာကာ ချမ်ဖိုင်ခရိုင် ဇိုခေါသာရွာတွင် ခိုလှုံနေကြသည်ဟု လယ်ရင်ချ်ဟာနာက ပြောသည်။

PDF တပ်ဖွဲ့များက ရိဒ်ခေါဒါရ်ရှိ စစ်တပ် စခန်းကို နိုဝင်ဘာ ၁၃ ရက် အစောပိုင်းတွင် သိမ်းခဲ့သလို တီအိုချောင်းရှိ စစ်စခန်းကိုလည်း မွန်းလွဲပိုင်းတွင် သိမ်းယူခဲ့ကြောင်း ၎င်းက ပြောသည်။

အာဏာသိမ်းစစ်တပ်ဘက်ကလည်း လက်တုံ့ပြန်သည့်အနေဖြင့် ရိဒ်ခေါဒါရ်နှင့် တီအိုချောင်း အပေါ် နိုဝင်ဘာ ၁၃ ရက်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ခဲ့သည်ဟု ၎င်းက ပြောသည်။

တိုက်ပွဲများကြောင့် ထိခိုက်ဒဏ်ရာရသူ ၁၇ ဦးထက်မနည်းကို ဆေးကုသရန် ချမ်ဖိုင်းသို့ ပို့ထားကြောင်းလည်း ၎င်းက ပြောသည်။

နယ်စပ်၏ တဘက်ခြမ်းတွင် တိုက်ပွဲများ ဖြစ်ပွားချိန် ဇိုခေါသာတွင် နေထိုင်လျက်ရှိသူ အသက် ၅၁ နှစ်အရွယ် မြန်မာတဦး သေဆုံးကြောင်း လယ်ရင်ချ်ဟာနာက ပြောသည်။

၎င်းသည် နယ်စပ်ကို ဖြတ်ကျော်ပြီး လမ်းလွဲရောက်လာသည့် ကျည်ထိမှန်ခြင်း ဖြစ်သည်ဟု ဒေသသတင်းရင်းမြစ်များက ပြောသည်။

တိုက်ပွဲများအတွင်း ချင်းအမျိုးသားတပ်မတော် (CNA) မှ တပ်ဖွဲ့ဝင် ငါးဦး ကျဆုံးကြောင်း ဇိုခေါသာ ကျေးရွာကောင်စီ ဥက္ကဋ္ဌ လယ်မူအန်ပွေအာက ပြောသည်။

တိုက်ပွဲများ စမဖြစ်မီကပင် ဇိုခေါသာတွင် နေထိုင်လျက် ရှိသည့် မြန်မာနိုင်ငံသား ၆,၀၀၀ ကျော် ရှိနေပြီးသားဖြစ်ကြောင်း ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly