အမေရိကန်က နိုင်ငံရပ်ခြားဖွံ့ဖြိုးရေးအတွက် သုံးစွဲမှုတွင် တရုတ်နှင့် ကွာဟချက်နည်းလာနေ 

By SCMP 
13 November 2023
အမေရိကန်က နိုင်ငံရပ်ခြားဖွံ့ဖြိုးရေးအတွက် သုံးစွဲမှုတွင် တရုတ်နှင့် ကွာဟချက်နည်းလာနေ 

နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြီးမားဆုံးဘဏ္ဍာရေးအထောက်အပံ့အဖြစ်တည်ရှိနေသည့် နိုင်ငံရပ် ခြားဖွံ့ဖြိုးရေးအတွက် သုံးစွဲမှုတွင် အမေရိကန်က တရုတ်နှင့် ကွာဟချက်နည်းလာသော်လည်း တရုတ်က ရေရှည်တွင် ဦးဆောင်ရန် ပိုမိုကောင်းမွန်သည့်အနေအထားရှိနေကြောင်း အစီရင်ခံစာအသစ်က ဖော်ပြ လိုက်သည်။ 

ဗာဂျီးနီးယားပြည်နယ်ရှိ William & Mary တက္ကသိုလ်၏ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သည့် AidData မှ နိုဝင်ဘာလ ၆ရက်တွင် ထုတ်ပြန်ခဲ့သည့် လေ့လာမှုတွင် တရုတ်က နိုင်ငံတကာအကျပ်အတည်းများကို ပိုမိုကျွမ်းကျင်စွာ ဖြေရှင်းနိုင်ကြောင်း ဖော်ပြထားပြီး ၂၀၁၃ခုနှစ်တွင် စတင်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ အခြေခံ အဆောက်အအုံ စီမံကိန်းဖြစ်သည့် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းများ၏ အမှားများမှ သင်ခန်းစာယူနေသည်ကို တွေ့ရှိခဲ့သည်။  

ယင်းခွဲခြမ်းစိတ်ဖြာချက်သည် ၂၀ဝဝ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ်အထိ ဝင်ငွေနည်းပါးသည့် နိုင်ငံများနှင့် ဝင်ငွေ အလယ်အလတ်ရှိသော နိုင်ငံ ၁၆၅ နိုင်ငံတွင် တရုတ်ထောက်ပံ့ငွေနှင့် ချေးငွေအမေရိကန်ဒေါ်လာ ၁ ဒသမ ၃၄ ထရီလီယံဖိုးရှိသော စီမံကိန်းပေါင်း ၂၀,၉၈၅ ခုကို အခြေခံပြုလုပ်ထားခြင်းဖြစ်သည်။ 

အခြားသော အလားတူအစီရင်ခံစာများနှင့် မတူဘဲ AidData က နိုင်ငံပိုင်စီးပွားရေးဘဏ်များအပါအဝင် ပိုမိုကျယ်ပြန့်သော အကြွေးဆိုင်ရာတိုင်းတာချက်များ၊ ချေးငွေနှင့် ချေးငှားသည့်အဖွဲ့အစည်းများကို လေ့လာထားသည်။ 

၂၀၂၁ခုနှစ်တွင် ဝင်ငွေနည်းပါးသည့်နိုင်ငံများနှင့် ဝင်ငွေအလယ်အလတ်ရှိသောနိုင်ငံများသို့ တရုတ်အကူ အညီနှင့် ချေးငွေကတိကဝတ်များသည် အမေရိကန်ဒေါ်လာ ၈၀ ဘီလီယံခန့်ရှိသော်လည်း၊ အမေရိကန်၏ ဖွံ့ဖြိုးတိုးတက်ရေး ဘဏ္ဍာရေးထောက်ပံ့မှုမှာ ဒေါ်လာ ၆၀ ဘီလီယံခန့်သာရှိကြောင်း တွေ့ရှိခဲ့သည်။ လွန်ခဲ့သည့် ၂ နှစ်က ယင်းကွာဟချက်မှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၆၀ ကျော်ရှိခဲ့သည်။ 

သုတေသီများက ၂၀၂၁ခုနှစ်တွင် ဂျီ ၇ က ဖွံ့ဖြိုးရေးတိုးတက်ရေး ဘဏ္ဍာရေးထောက်ပံ့မှုမှာ အမေရိကန် ဒေါ်လာ ၈၄ ဘီလီယံ ကျော်လွန်သွားသည်ကို တွေ့ရှိခဲ့ရသော်လည်း ဂျီ၇သည် ကတိအလွန်အကျွံပြုပြီး ထောက်ပံ့မှုအားနည်သည့် သမိုင်းကြောင်းရှိသည်။ 

မြီရှင်တစ်ဦးအနေဖြင့် တရုတ်၏ အနေအထားသည် ပြောင်းလဲနေပြီဖြစ်သော်လည်း ခါးပတ်လမ်းရပ်ဝန်း စီမံကိန်းသည် ၂ ဒသမ ဝ အဆင့်သို့ရောက်ရှိနေပြီဖြစ်ခြင်းကြောင့် ငွေများကို အလွယ်တကူထုတ်ချေးပြီး ကာလရှည်ဆိုင်းငံ့ကာလပေးခဲ့သည့် ၂၀၁၄-၂၀၁၇ ခုနှစ်များနှင့် မတူတော့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

တရုတ်ချေးငွေများ၏ ၅၅ ရာခိုင်နှုန်းသည် ငွေရင်းပြန်ဆပ်ရမည့်ကာလသို့ ရောက်ရှိနေပြီဖြစ်ပြီး ယင်း ကိန်းဂဏန်းသည် ၂၀၃၀ ပြည့်နှစ်တွင် ၇၅ ရာခိုင်နှုန်းအထိ မြင့်တက်လာမည်ဖြစ်သည်။ 

တရုတ်၏ ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ပေးနေသည့် ပြည်ပချေးငွေစုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းသည် လက်ရှိဘဏ္ဍာရေး အကျပ်အတည်းဖြစ်နေသော နိုင်ငံများကို ထောက်ပံ့ပေးနေခြင်းဖြစ်သည်ဟုလည်း AidData က ခန့်မှန်း ထားသည်။ 

တရုတ်အစိုးရ၏ နောက်ထပ် မဟာဗျူဟာပြောင်းလဲမှုမှာ မူဝါဒဘဏ်များအသုံးပြုမှုကို ၂၀၂၁ခုနှစ်တွင် ၂၁ ရာခိုင်နှုန်းအထိ လျှော့ချကာ ကူးသန်းရောင်းဝယ်ရေးဘဏ်များအပေါ် ပိုမိုအားထားခဲ့ခြင်းဖြစ်သည်။ 

တရုတ်မူဝါဒဘဏ်များဖြစ်သည့် တရုတ်ဖွံ့ဖြိုးရေးဘဏ်နှင့် ပို့ကုန်သွင်းကုန်ဘဏ်တို့သည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကြွေးဆုံးများ မြင့်မားလျက်ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly