မန္တလေးကိုသိမ်းပိုက်မည့် ရွှေပြည်စိုးစစ်ဆင်ရေးစတင်ပြီဟု မန္တလေး PDF ကြေညာ

By 007 (မဇ္စျိမ)
13 November 2023
မန္တလေးကိုသိမ်းပိုက်မည့် ရွှေပြည်စိုးစစ်ဆင်ရေးစတင်ပြီဟု မန္တလေး PDF ကြေညာ

မန္တလေးမြို့ကိုသိမ်းပိုက်မည့် ရွှေပြည်စိုးစစ်ဆင်ရေး ယနေ့စတင်ပြီဖြစ်ကြောင်း မန္တလေး PDF က ကြေညာချက်ထုတ်ပြန်သည်။

ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့တွင်စတင်လိုက်ခြင်းဖြစ်ပြီး စစ်ဆင်ရေးစတင်သည့်အနေဖြင့် အမရပူရမြို့ နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး(မန္တလေးတိုင်းရုံး)အရှေ့ဘက် တောင်သမန်အင်းထိပ်ရှိ အမှတ် (၂)ပင်မအလုပ်ရုံ လျှပ်စစ်ဌာနနှင့် တမာတန်းရှိ ယာဉ်သိုလှောင်ရေးတပ်ဝင်းအတွင်းရှိ အရာရှိအိမ်ရာကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် တောင်သမန်အင်းပတ်လမ်းပေါ်တွင်လည်း၊ မန္တလေး PDF (ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး)အလံတော်ကို စိုက်ထူခဲ့သေးကြောင်း ဆိုသည်။

စစ်ကောင်စီဘက်မှ အထိအခိုက်အသေအဆုံးရှိကြောင်းသိရပြီး စစ်ဆင်ရေး နှင့်ပတ်သက်၍ သိရှိနိုင်ရန် မန္တလေးခရိုင်အမှတ်(၆)တပ်ရင်းနှင့် မဇ္စျိမကဆက်သွယ်နေသော်လည်း အဆက်အသွယ် မရရှိသေးပေ။

“မြန်မာနိုင်ငံရဲ့အလယ်ဗဟိုချက်ကိုကိုင်လှုပ်ဖို့ ရွှေပြည်စိုးမှာ ပူးပေါင်းပါဝင်ပါ။ စစ်ကောင်စီတပ်သားတွေ နဲ့ ရဲတပ်သားတွေကိုပြောလိုတာက အာဏာရူးတသိုက်အတွက် အသက်စတေးခံမလား၊ ဂုဏ်သိက္ခာရှိရှိ CDM ဝင်ပြီး လက်နက်ချမလား စဉ်းစားရွေးချယ်ပါ” ဟု ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

ရွှေပြည်စိုးစစ်ဆင်ရေးတွင် မန္တလေးခရိုင်တပ်ရင်း(၃)၊ တပ်ရင်း(၄)၊ တပ်ရင်း(၅)၊ တပ်ရင်း(၆)တို့ ဦးဆောင် ပါဝင် မည်ဖြစ်ကြောင်းသိရသည်။

စာတည်း။  ။စောဖေ
#မန္တလေးမြို့
#ရွှေပြည်စိုးစစ်ဆင်ရေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly