ငါးနှစ်ဆက် ချန်ပီယံဆုအတွက် လေ့ကျင့်ရေးကွင်းတွင် ဂျူဗင်တပ်စ်အသင်းသားများ အောင်ပွဲခံ

ငါးနှစ်ဆက် ချန်ပီယံဆုအတွက် လေ့ကျင့်ရေးကွင်းတွင် ဂျူဗင်တပ်စ်အသင်းသားများ အောင်ပွဲခံ

ဧပြီ ၂၆၊ တူရင် ။            ။ ရိုးမားအသင်းက နာပိုလီအသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အတွက် ဂျူဗင်တပ်စ်အသင်းသည် စီးရီးအေ ချန်ပီယံဆုကြီးကို ငါးနှစ်ဆက်တိုက် သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်။

စီးရီးအေပွဲစဉ် ၃၅ အဖြစ်ကစားခဲ့သော ပထမနေ့တွင် ဂျူဗင်တပ်စ်အသင်းမှာ ဖီအိုရင်တီးနားအသင်းကို ၁-၂ ဂိုးဖြင့် အနိုင်ရထားပြီး ဒုတိယနေရာမှ နာပိုလီအသင်းကို ၁၂ မှတ် ဖြတ်ထားကာ အမှတ်ပေးဇယားကို ဦးဆောင်နေခဲ့သည်။

ထို့ကြောင့် ဂျူဗင်တပ်စ်အသင်းသားများသည် လေ့ကျင့်ရေးကွင်းတွင် စုရုံးကာ ဒုတိယနေ့တွင် ကစားသော ရိုးမားနှင့် နာပိုလီအသင်းတို့၏ ပွဲစဉ်ကို စောင့်ကြည့်ခဲ့ကြသည်။

ထိုပွဲစဉ်တွင် ရိုးမားအသင်းက ကွင်းလယ်လူ နိုင်ဂိုလန်၏ ၈၉ မိနစ်တွင် သွင်းယူခဲ့သောဂိုးဖြင့် အနိုင်ရခဲ့သည့်အတွက် ဂျူဗင်တပ်စ်အသင်းသားများမှာ   လေ့ကျင့်ရေးကွင်း အဝတ်အစားလဲခန်းတွင် အောင်ပွဲခံခဲ့ကြသည်။

နောက်ခံလူ ချီလီနီမှာ ကြီးမားသည့် ရှန်ပိန်ပုလင်းကြီးကို ဖောက်ပြီး အောင်ပွဲခံခဲ့သလို၊ ကွင်းလယ်လူ ပေါ့ဂ်ဘာက စားပွဲပေါ်တွင် တက်က၍လည်းကောင်း၊ မိုရာတာ၊ ကွာဒရာဒိုတို့မှာ   ဆေးပြင်းလိပ်များခဲ၍လည်းကောင်း အောင်ပွဲခံခဲ့ကြသည်။ နည်းပြ အယ်လီဂရီကိုလည်း ချီမြှောက်ကာ အောင်ပွဲခံခဲ့ကြသည်။

ဂျူဗင်တပ်စ်အသင်းသားများအားလုံးသည် Champion 34 2016ဆိုသည့် စာတန်းနှင့် နံပါတ်ပါ အကျီၤများကို ဝတ်ဆင်ပြီး အောင်ပွဲခံခဲ့ကြခြင်း ဖြစ်သည်။ ဂျူဗင်တပ်စ်အသင်းမှာ စီးရီးအေချန်ပီယံဆုကို တရားဝင်အဖြစ် ၃၂ ကြိမ်သာ ရရှိထားသော်လည်း လုပ်ပွဲပြဿနာများဖြစ်ပွားခဲ့သည့် နှစ်များက ရရှိသည့် ချန်ပီယံဆုများကိုပါ ထည့်သွင်းတွက်ချက်ထားကြသည်။

ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီက အသင်းတွင် နည်းစနစ်ပိုင်းကြွယ်ဝသည့် လူငယ်ကစားသမားကောင်းများ ပိုင်ဆိုင်ထားပြီ ဖြစ်သည့်အတွက် လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဖလားရရှိအောင် ကြိုးပမ်းသွားမည်ဟု ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly