ကျိုက်ထိုတွင် စပါးလှန်းနေသူ စစ်ကောင်စီတပ်၏လက်နက်ကြီးကျည် ထိမှန်သေဆုံး

By YT (မဇ္ဈိမ)
13 November 2023
ကျိုက်ထိုတွင် စပါးလှန်းနေသူ စစ်ကောင်စီတပ်၏လက်နက်ကြီးကျည် ထိမှန်သေဆုံး
ပုံအညွှန်း- လက်နက်ကြီးထိမှန်သေဆုံးသည့် အရပ်သားနှင့် လက်နက်ကြီးကျည် (ဓါတ်ပုံ- ပေးပို့)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ချောင်းဝကျေးရွာတွင် ယနေ့ နိုဝင်ဘာလ ၁၃ ရက်မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်ခန့်က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားတဦး သေဆုံးသွား ကြောင်း ဒေသခံများထံမှ သိရသည်။

“ရိတ်ပြီးသား စပါးတွေကို နေလှန်းနေတုန်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်လို့ ထိပြီးဆုံးတာ။ သူက သားသမီး ခုနစ်ယောက်ရှိတယ်” ဟု ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

သေဆုံးသူမှဦ အသက် ၅၄ နှစ်အရွယ် ဦးမင်းနိုင်ဆိုသူဖြစ်ပြီး ဘယ်ဘက်ပေါင်နှင့် ဘယ်ဘက်လက်ချောင်း များတွင် လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာဖြင့် ဆေးခန်း၌ ဆေးကုသမှုခံယူစဉ် သေဆုံးသွားခြင်းဖြစ် သည်ဟု ဆိုသည်။

“ဇလုပ်ကြီး၊ ရှမ်းစု၊ ချောင်းဝက တဆက်တည်းပေါ့။ ရှမ်းစုနဲ့ ချောင်းဝက ဝင်းကံချောင်းပဲခြားတာ။ ဟိုဘက်က ပဲခူးတိုင်း ရွှေကျင်မြို့နယ်၊ ဒီဘက်က မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်။ အခုက ရွှေကျင်ဘက် ကတပ်က လက်နက်ကြီးပစ်တာ ကျိုက်ထို၊ ချောင်းဝဘက်ကိုကျလို့ အဲဒီက အရပ်သားသေတာပါ” ဟု ဒေသတွင်းသတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီ၏ ရွှေကျင်မြို့နယ်၊ ဇလုပ်ကြီးကျေးရွာအခြေစိုက် ခြေမြန်တပ်ရင်း ခမရ(၅၉၈)တပ်ရင်းမှ စစ်ကောင်စီတပ်သားများက ၈၁ မမ လက်နက်ကြီးလေးလုံးပစ်ခတ်ခဲ့ရာ အဆိုပါလက်နက်ကြီးကျည်များ အနက် တလုံးသည် ချောင်းဝကျေးရွာ လယ်ကွင်းအတွင်း ကျရောက်ပေါက်ကွဲခြင်းဖြစ်သည်ဟု ဆိုသည်။

နိုဝင်ဘာလ ၉ ရက်နေ့ ညနေ ၅ နာရီခန့်ကလည်း သထုံမြို့အခြေစိုက် ခမရ(၉)နှင့် ပိန္နဲတော စစ်ကောင်စီ စခန်းမှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် သထုံမြို့နယ်၊ ပိန္နဲတောအထက်ကျေးရွာမှ အမျိုးသားနှစ်ဦး သေဆုံး၍ အမျိုးသမီးတဦးအပါအဝင်သုံးဦး ကျည်ထိမှန်ဒဏ်ရာရခဲ့ကာ နေအိမ်သုံးလုံး ပျက်စီးခဲ့ကြောင်း  KNU ဗဟို၏ နိုဝင်ဘာလ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း ။        ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ
#မွန်ပြည်နယ်
#ကျိုက်ထိုမြို့နယ်
#လက်နက်ကြီးပစ်ခတ်မှု
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly