ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက်အတွင်း ယနေ့ နိုဝင်ဘာလ ၁၃ ရက် နံနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ပရဟိတလူငယ်တဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
ယနေ့ နံနက် ၁၀ နာရီခန့်၌ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အသက် ၁၇ နှစ်အရွယ် ပရဟိတ လူငယ် မောင်အောင်သူရသိန်း၏ နောက်ကျောကိုကျည်စထိမှန်ရာမှ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရ သည်။
“ကျနော်တို့အသင်းသားတွေ အကုန်လုံးရှိနေတဲ့ အချိန်မှာ လက်နက်ကြီး လာကျတာ။ နောက်ကျောကနေ ပေါက်ဝင်ပြီးမှ အဆုတ်ကို ထိတာထင်တယ်။ နာရီဝက်လောက်မှာပဲ ဆုံးသွားတာ။ ငယ်သေးတယ်။ သူ့ အမေရော သူ့အဖေရော ရှိတယ်ဗျ” ဟု နီးစပ်သူက ပြောသည်။
သေဆုံးသူသည် လွိုင်ကော်မြို့မှ ပရဟိတအဖွဲ့အစည်းတခုဖြစ်သည့် “တမိုးတမြေ” ပရဟိတအသင်းမှ မောင်အောင်သူရသိန်း ဖြစ်ပြီး ပရဟိတလုပ်ငန်းဆောင်ရွက်နေသည်မှာ တနှစ်ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။
“လွိုင်ကော်မှာ တိုက်ပွဲဖြစ်နေတော့ မြှုပ်မရဘူး။ အသုဘ ချမရဘူးဖြစ်နေတယ်။ ဒီးမော့ဆိုဘက်ခြမ်းကို မရမက ပြန်သယ်သွားတယ်။ လက်နက်ကြီးက တောက်လျှောက်ကျနေတာ” ဟု သတင်းရင်းမြစ်ကပြော သည်။
လွိုင်ကော်မြို့အနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ ဆက်တိုက်လုပ်ဆောင်နေသကဲ့သို့ ယနေ့တရက်အတွင်း လေယာဉ်ဖြင့် ခြောက်ကြိမ် ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။
နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ထေးငှားလျားကျေးရွာ မှ သားအဖနှစ်ဦး ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ရသေးသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ကရင်နီပြည်နယ်
#လွိုင်ကော်မြို့
#လက်နက်ကြီးပစ်ခတ်မှု