မြင်းခြံတွင်  စစ်ကောင်စီက ဆိုင်ကယ်တွဲဘီးများ ဖမ်းဆီးကာ တစီးလျှင် ကျပ် ၅ သိန်းနှုန်းဖြင့် ရွေးခိုင်း

By ဓါတု (မဇ္ဈိမ)
13 November 2023
မြင်းခြံတွင်  စစ်ကောင်စီက ဆိုင်ကယ်တွဲဘီးများ ဖမ်းဆီးကာ တစီးလျှင် ကျပ် ၅ သိန်းနှုန်းဖြင့် ရွေးခိုင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် ပျူစောထီးအဖွဲ့က  ဆိုင်ကယ်တွဲဘီးများကို ဖမ်းဆီးကာ တစီးလျှင် ကျပ် ၅၀၀,၀၀၀ နှုန်းဖြင့် ပြန်ရွေးခိုင်းနေကြောင်း ဒေသခံများထံက သိရသည်။ 

မြင်းခြံမြို့တွင်  ဆိုင်ကယ်တွဲဘီးများ အသုံးပြုကာ စစ်ကောင်စီလက်အောက်ခံဌာနများကို ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်သည် ဟူသောအကြောင်းပြချက်ဖြင့် ထိုသို့ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။ 

 ထို့အပြင်ဆိုင်ကယ်ကယ်ရီမောင်းနှင်သူများကို ငွေ ၈၀,၀၀၀ ကျပ် ပေးချေစေပြီး မပေးပါက ရဲစခန်းအချုပ်ထဲတွင် ဖမ်းဆီးထားမည်ဟု ခြိမ်းခြောက်ကြောင်း ဆိုင်ကယ်ကယ်ရီပြေးဆွဲနေသူ တဦးကပြောသည်။ 

" ဆိုင်ကယ်တွဲဘီးသမားတွေ ၐတွေ့သမျှလိုက်ဖမ်းတာ လူကိုကျ ၈၀,၀၀၀ ချက်ချင်း ပေးခိုင်းတယ်။ ဆိုင်ကယ်ကိုတော့ စည်ပင်က အမှုဖွင့်မှာဆိုတော့ တရားရုံးမှာ ၅၀၀,၀၀၀ နဲ့ လာထုတ်ခိုင်းတယ်။ အဲ့ဒီလိုလိုက်ဖမ်းတော့ မနေ့က ဘယ်သူမှမထွက်ရဲတော့ဘူး။ ကယ်ရီနဲ့အလုပ်သွားတဲ့ အလုပ်သမားတွေ ဒုက္ခရောက်တာပေါ့"ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်မှ ၉ ရက်အထိ သုံးရက်အတွင်း မြင်းခြံမြို့တွင် စစ်ကောင်စီတပ်နှင့်  ပူးပေါင်းကာကွယ်ရေးအဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပြီးနောက် ဆိုင်ကယ်တွဲဘီး ပြေးဆွဲသူများကို ဖမ်းဆီးရာ လက်ရှိတွင်  အစီး ၃၀ ထက်မနည်း သိမ်းဆည်းခံထားရကြောင်း ဒေသခံများထံက သိရသည်။

မြို့နယ်တရားရုံးတွင် ဆိုင်ကယ်များကို ပြန်ရွေးထုတ်ရမည်ဖြစ်သော်လည်း တရားရုံး ပိတ်ထားသည်မှာ ငါးရက်ခန့်ရှိပြီဖြစ်၍ ဆိုင်ကယ်ပိုင်ရှင်များ အခက်ကြုံနေရကြောင်း သိရသည်။ 

မြင်းခြံမြို့တွင် စစ်အာဏာသိမ်းပြီးနောက် ဆိုင်ကယ်တစီးလျှင် 'လူသုံးဦးမစီးရ၊ အမျိူးသားနှစ်ယောက်မစီးရ၊ အမျိူးသမီးအရှေ့မှ မစီးရ'စသည့် အမိန့်ထုတ်ပြန်ထားသောကြောင့် ဆိုင်ကယ်ကယ်ရီပြေးဆွဲသူများမှာ တွဲဘီးတပ်ဆင်၍ လုပ်ကိုင်စားသောက်နေရခြင်းဖြစ်ကြောင်း ကယ်ရီမောင်းနှင်သူများကဆိုသည်။ 

နိုဝင်ဘာလ ၇ ရက် နံနက် ၆ နာရီခန့်က မြင်းခြံမြို့၊ပျားကျေးရွာမြောက်ဘက် ပဲခင်းကြီးကျေးရွာက ထွက်လာသည့် စစ်ကောင်စီအင်အား ၃၀ ကျော်ကို  ပူပေါင်းမဟာမိတ်ကာကွယ်ရေးတပ်က စစ်ကောင်စီတပ်ကိုတိုက်ခိုက်ခဲ့ရာ နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ ၉ ရက်နေ့အထိ ဖြစ်ပွားခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ဆိုင်ကယ်ကယ်ရီ
#မြင်းခြံမြို့နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly