မတ္တရာမြို့နယ်တွင်  စစ်ကောင်စီတပ်ဖွဲ့က  ဆရာတော် ၂ ပါး အပါအဝင် ဒေသခံ ၂၇ ဦးကို ဖမ်းဆီး

By 008 (မဇ္ဈိမ)
13 November 2023
မတ္တရာမြို့နယ်တွင်  စစ်ကောင်စီတပ်ဖွဲ့က  ဆရာတော် ၂ ပါး အပါအဝင် ဒေသခံ ၂၇ ဦးကို ဖမ်းဆီး

]မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင်  စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့က  ယခု နိုဝင်ဘာလ ဒုတိယပတ်အတွင်း ဆရာတော် နှစ်ပါး အပါအဝင် ဒေသခံ ၂၇ ဦးကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။ 

ယနေ့ နိုဝင်ဘာလ ၁၃ ရက် နံနက် ၈ နာရီတွင် တံငါကျေးရွာမှာ စျေးရောင်းသူ အမျိုးသား သုံးဦးနှင့် အမျိုးသမီး နှစ်ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံက ဆိုသည်။ ထို့ပြင် နိုဝင်ဘာလ ၁၂ ရက်က ထန်းပင်ကုန်းကျေးရွာ ဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဥူးဝါယမနှင့် ၎င်းကျောင်းတွင် ခေတ္တရောက်ရှိနေသည့် ကျောက်တံတားကျေးရွာ ရေနားဘုန်းကြီးကျောင်းမှ ဆရာတော်ဥူးခေမာတို့ကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။ 

 နိုဝင်ဘာ ၁၁ရက် နှင့် နိုဝင်ဘာ ၁၀ရက်ကလည်း လက်ဝဲကြီးကျေးရွာ၊ လမိုင်းကျေးရွာ ၊ကျောက်တံတားကျေးရွာ ၊အောင်ချမ်းသာကျေးရွာနှင့် ကျပ်ပြင်ကျေးရွာများမှ ဒေသခံ ၂၀ ဦးကိုလည်း  စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း မတ္တရာမျိုးမှန် အဖွဲ့က ထုတ်ပြန်ထားသည်။ 

"ရွာတံတားအကျော်မှာ အဖမ်းခံရတာပါ။သူတို့က ဆိုင်ကယ်တွေနဲ့ ရွာစဥ် လှည့် ကုန်စိမ်းရောင်းတဲ့သူတွေပါ။ ကုန်စိမ်းရော ၊ဆိုင်ကယ်တွေရာ သိမ်းသွားကြတယ်။ အကုန်ကားပေါ်တင်သွားကြတယ် "ဟု  ယနေ့ ဖမ်းဆီးခံရသူများနှင့် ပတ်သက်၍ ဒေသခံဦးကပြောသည်။

အဖမ်းခံရသူများမှာ ကိုသက်ရှည်၊ ကိုကျော်နိုင်ထွန်း၊ ကိုစိုးကြီး၊ မသက်မွန်နှင့် မငယ်ထွေးတို့ဖြစ်ကြောင်း သိရသည်။   ဖမ်းဆီးခံရသည့် ဆရာတော်နှစ်ပါးမှာ မတ္တရာမြို့နယ် သံဃနာယက အဖွဲ့ဝင်ဆရာတော်များဖြစ်သည်ဟု ဒေသခံအချို့က ပြောဆိုသော်လည်း မဇ္ဈိမအနေဖြင့် အတည်ပြုနေဆဲဖြစ်သည်။  ဖမ်းဆီးခံရသူများအသက်မှာ  ၁၉ နှစ်မှ က် ၄၅ နှစ်အရွယ်အတွင်းဖြစ်ကြပြီး စစ်ကောင်စီတပ်က လက်ရှိအချိန်အထိ ပြန်မလွှတ်သေးကြောင်း ဒေသခံများက ဆိုသည်။  ထိုစစ်ကောင်စီတပ်သည် ယနေ့ နံနက် ၁၁ နာရီခန့်တွင် စကျင်ကျေးရွာသို့ ရောက်ရှိနေကြောင်း သိရသည်။

စာတည်း ။    ။ အောင်ကျော်ဖြိုး
#Mizzima
#မတ္တရာမြို့နယ်
#ဖမ်းဆီးခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly