ထိုင်းရောက် MoU လုပ်သား ၈ ဦး အလုပ်မရသည့်အပြင် စာရွက်စာတမ်းများပါ သိမ်းဆည်းခံထားရ

By ကိုရွှေမြိတ် (မဇ္ဈိမ)
13 November 2023
ထိုင်းရောက် MoU လုပ်သား ၈ ဦး အလုပ်မရသည့်အပြင် စာရွက်စာတမ်းများပါ သိမ်းဆည်းခံထားရ

ထိုင်းနိုင်ငံတွင်ရောက်ရှိနေသည့် MoU အလုပ်သမားရှစ်ဦးမှာ တလနီးပါးကြာသည်အထိ အလုပ် အကိုင်မရရှိသည့်အပြင် နိုင်ငံကူးလက်မှတ်များကို ထိုင်းဘက်မှအေဂျင်စီတာဝန်ခံများက သိမ်းဆည်းထား ၍ အခက်ကြုံနေရကြောင်း အဆိုပါ မြန်မာအလုပ်သမားများထံမှ သိရသည်။

အဆိုပါ မြန်မာအလုပ်သမား အမျိုးသားရှစ်ဦးသည် ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်ရှိ ကားတာယာစက်ရုံတွင် အလုပ်လုပ်ကိုင်ရမည်ဟုဆိုကာ ပြည်ပအလုပ်အကိုင်ရှာဖွေရေအေဂျင်စီတခုဖြင့် ပြီးခဲ့သော ဩဂုတ်လက စာချုပ်ချုပ်ဆိုပြီး ထိုင်းနိုင်ငံသို့ ရောက်လာသူများ ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ထိုင်းကိုရောက်တော့ စာချုပ်မှာပါတဲ့အလုပ်ရုံကိုရောက်ခဲ့ပေမယ့် အလုပ်မရခဲ့ဘူး။ နောက် တနေရာဖြစ်တဲ့ ဖိနပ်စက်ရုံရောက်ပြန်တော့လည်း စာချုပ်ပါအချက်အလက်တွေနဲ့ မကိုက်ညီလို့ မလုပ်ခဲ့ ဘူး၊ အထောက်အထား စာရွက်စာတမ်းတွေလည်း သိမ်းဆည်းခံထားရတယ်” ဟု MoU အလုပ်သမား တစ်ဦးဖြစ်ဿူ ကိုစည်သူဦးကပြောသည်။

မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်ရှိ တာယာစက်ရုံသို့ အောက်တိုဘာလ ၇ ရက်နေ့ ကရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ရောက်ရှိပြီးနောက် ခုနစ်ရက်ခန့်အကြာတွင် အလုပ်မရဟုပြောဆိုကာ ၎င်းတို့ကို ဆူရတ်ဌာနီသို့ရွှေ့ပြောင်းပေးခဲ့ပြီး ၁၄ ရက်ခန့်အကြာတွင် ချိုင်နတ်မြို့သို့ ထပ်မံခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။

“အလုပ်မရတာ ၁၅ ရက်လောက်ရှိပြီ၊ ကျွန်တော်တို့ရဲ့ ပတ်စ်ပို့စာအုပ်နဲ့ ဝပ်ပါမစ်တွေကိုလည်း သိမ်းထား တယ်။ အေဂျင်စီကိုဆက်သွယ်ပြီးပြောပေမယ့် အေဂျင်စီဖက်က နေ့ရွှေ့ ညရွှေ့ လုပ်နေတယ်” ဟု အလုပ် သမားတဦးကလည်း ပြောသည်။

မြန်မာအလုပ်သမားများသည် ၎င်းတို့၏အခက်အခဲများအား ကူညီဖြေရှင်းပေးရန် ကိုရဲမင်းဦးဆောင်သည့် MHAC အဖွဲ့ထံ ဆက်သွယ် အကူအညီတောင်းခံထားကြောင်း သိရသည်။

စာတည်း။  ။စောဖေ

#မြန်မာသတင်း
#ထိုင်းနိုင်ငံ
#MoUလုပ်သား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly