နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၂ နိုဝင်ဘာ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၂ နိုဝင်ဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ

၁၁၁၁ လေးလုံးအထိမ်းအမှတ်နေ့တွင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုများ ပစ်ချလိုက်သည့် အကြမ်းဖက် စစ်ကောင်စီ၏ စစ်လေယာဥ်သုံး ဆက်စပ်ပစ္စည်းများကို နေပြည်တော် PDFက သိမ်းဆည်းရရှိခဲ့ကြောင်း မျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီးဌာန၊ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF)၊ (စစ်ရုံးချုပ်)က ဒီနေ့မှာ ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြိုနယ်၊ မြစ်သေးချင်းရွာ တောင်ဘက်၊ ဆင်ကန်ရွာ အနောက် ဘက်မှာ PDFများ နယ်မြေလုံခြုံရေး ဆောင်ရွက်စဥ် ရန်သူ့တပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပြီး ရန်သူ ၅ဦးသေဆုံး၊ လက်နက်များစွာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ (စစ်ရုံးချုပ်)က ထုတ်ပြန်သည်။

ယနေ့ကျရောက်သည့် ဟိန္ဒူဘာသာဝင်များ၏ မီးထွန်းပွဲတော် ဒီပါဝလီနေ့ အချိန်အခါ သမယမှာ ပြည်တွင်း၊ ပြည်ပက ဟိန္ဒူဘာသာဝင်များအားလုံးနှင့်အတူ တိုင်းရင်းသားညီနောင်များအားလုံး အမှောင်ကို ခွင်းအလင်းကို ဆောင်နိုင်ပါစေကြောင်း CRPH က ဆုတောင်းမေတ္တာ ပို့သလိုက် ထားသည်။

နိုင်ငံတကာ အစိုးရများအနေဖြင့် မကြာခင် ကျရှုံးတော့မည့် စစ်အုပ်စု၏အခြေအနေမှန်ကို သိမြင်သဘောပေါက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်ကို နိုဝင်ဘာလ ၁၁ ရက် မနက်အစော ၅ နာရီခန့်ကစပြီး စစ်ကောင်စီတပ်က မြေပြင်ရော လေကြောင်းနှင့်ပါ ပြန်လည်တိုက်ခိုက်နေတာကြောင့် နှစ်ဖက် တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နှင့် တမိုင်ခန့်အကွာရှိ အေးကုန်းကျေးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ လ ၁၂ ရက် ယနေ့ နံနက် ၈ နာရီခန့်တွင် မီးရှို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊ ပြည်သူ့ အခြေပြု ကျောင်းတခုတွင် နိုဝင်ဘာလ ၁၁ ရက် နံနက်ပိုင်း၌ "၁၁၁၁" အောင်သပြေ ကပ်လှူ ဆုတောင်းပွဲ ကျင်းပခဲ့ကြောင်း ကျောင်းတာဝန်ခံ ဆရာ၊ ဆရာမ များထံက သိရပါသည်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းမှ ကျေးရွာတခုတွင် ၁၁၁၁ အောင်သပြေ လူထုလှုပ်ရှားမှုကို နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းက ကျင်းပခဲ့ကြောင်း သပိတ်စီစဉ်သူများထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုတ်စီကျေးရွာတွင် စစ်ကောင်စီ၏ ကျားဘီးလူးစစ်ကြောင်းကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းခရိုင်တပ်ရင်း(၂)မှ နိုဝင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ထား သည်။

ထီးချိုင့်မြို့​ပေါ်တိုက်ပွဲ ခြောက်ရက်​မြောက်​နေ့တွင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်မှ သေဆုံးဒဏ်ရာရသူမှုများသလို စစ်သုံ့ပန်အချို့ကို ​တော်လှန်​ရေးအဖွဲ့များက ဖမ်းမိထားကြောင်း သတင်းရရှိသည်။

ဖင်လန်နိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံ အစိုးရများအနေဖြင့် စစ်ကောင်စီ၏ အတုအယောင် ငြိမ်းချမ်းရေး လုပ်ငန်းများနှင့် ထိတွေ့ဆက်ဆံမှု၊ ပံ့ပိုးပေးနေမှု အားလုံးကို ရပ်တန့်ရန် အရပ်ဘက် အဖွဲ့အစည်း ၄၅၅ ဖွဲ့က နိုဝင်ဘာလ ၁၀ ရက်နေ့တွင် တောင်းဆိုကြသည်။

နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံမြို့နယ် အစပ်ရှိ ကျေးရွာများတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအပြီး အသက် သုံးနှစ်အရွယ် ကလေးငယ် အပါအဝင် ဒေသခံ ခုနစ်ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ ကြောင်း ဒေသခံများထံက သိရသည်။

တနင်္သာရီတိုင်း ၊ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် "၁၁၁၁" အောင်သပြေ လူထုလှုပ်ရှားမှုတွင် ပြည်သူလူထု ထောင်နှင့်ချီ ပူးပေါင်း ပါဝင်ခဲ့ကြောင်း ဦးဆောင် လှုပ်ရှားသူများထံက သိရ သည်။

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်တွင် ဘုရားသုံးဆူ လူထု အထွေထွေသပိတ်အင်အားစု လူငယ်များ ဦးဆောင်၍ နိုဝင်ဘာလ ၁၁ ရက်တွင် "၁၁၁၁ အောင်သပြေ လူထုလှုပ်ရှားမှု" သပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း စက်သုံးဆီအရောင်းများတွင် ယနေ့ နိုဝင်ဘာလ ၁၂ ရက်၌ စက်သုံးဆီကို အကန့် အသတ်ဖြင့်သာရောင်းချနေပြီး တန်းစီဝယ်ယူသူ များပြားနေကြောင်း သိရသည်။

ရန်ကုန်မြို့ တစ်နေရာတွင် ဗကသကျောင်းသားလူငယ်များက ဦးဆောင်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုကို ယနေ့ (နိုဝင်ဘာ ၁၂) နံနက်က ပြုလုပ်ခဲ့သည်။

အင်အားပြင်းသည့် ''မြို့ပြထန်းသီး” ဟုခေါ်သော လက်လုပ် လက်ပစ်ဗုံးများအား ထုတ်လုပ်နိုင်ခဲ့ ကြောင်း ကျောက်ဆည်မြို့နယ် တော်လှန်ရေးတပ် (Kyaukse Revolution Army -KRA) တာဝန်ရှိသူထံက သိရသည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ပျားကျေးရွာ၌ ဒေသခံပြည်သူများအား သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီ တပ်အား လိုက်လံတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း နွားထိုးကြီး PDFအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ဘော်ကြိုအနီးက အကြမ်းဖက် စစ်ကောင်စီ၏ ကျင်တီ တံတားတပ်စခန်းကို ယနေ့ မနက် ၅နာရီခွဲမှာ တအာင်းတပ်မတော် PSLF/TNLA က ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်၊ ဟွားငိုးလ်ဒေသ၌ Non CDM များအနေဖြင့် လွတ်လပ်စွာ နေထိုင်သွား လာလိုပါက လျန်ဒိုစခန်းသို့ လူကိုယ်တိုင် ခံဝန်ကတိပြုလုပ်ရမည်ဖြစ်ကြောင်း ချင်းကာကွယ်ရေးအဖွဲ့ (ဟွားငိုး လ်းရမ်း) CDF – Hualngoram နှင့် Hualngoram CDM Department တို့မှ နိုဝင်ဘာလ ၁၀ ရက် နေ့က ထုတ်ပြန်ထားသည်။

ကရင်နီပြည်နယ်အတွင်း ယမန်နေ့က ပျက်ကျသွားသော စစ်လေယာဉ်သည် တရုတ်နိုင်ငံထုတ် K-8 အမျိုးအစားဖြစ်ကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

စစ်ကောင်စီတပ်က စစ်ရေးအရ အထိနာလျက်ရှိသည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့အများ အပြားကို လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ် လျက်ရှိ ကြောင်း တအာင်းတပ်မတော်(TNLA)၊ ကိုးကန့်တပ်မတော်(MNDAA)၊ ရက္ခိုင်တပ်တော် (AA)ညီနောင်မဟာမိတ် ၃ဖွဲ့က သတင်းထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်က ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ကို ရဟတ်ယာဉ်များ အသုံးပြုပြီး စစ်အင်အားဖြည့်တင်းနေကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ် ပြန်သည်။

စစ်ကောင်စီ

 အ‌ပေါ့စားတိုက်ခိုက်ရေးလေယာဉ်တစ်စင်း နိုဝင်ဘာ ၁၁ရက် ညနေပိုင်းက ကယားပြည်နယ် ဘက်တွင် လေ့ကျင့်ပျံသန်းစဉ် စက်ချို့ယွင်းပြီး ပျက်ကျသွားကြောင်း စစ်ကောင်စီ သတင်းထုတ် ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေချိန် စစ်တပ်ကို မြို့ကြီးလေးမြို့တွင် ကြိုဆိုထောက်ခံပွဲများ ပြုလုပ်ခဲ့ကြသည့် တာဝန်သိလုပ်သားပြည်သူများကို ကျေးဇူးတင်ကြောင်း စစ်ကောင်စီ ပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ပို့ကုန်တင်ပို့သူများအနေဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေအရ ပို့ကုန်ရငွေကို သတ်မှတ်ကာလ အတွင်း မိမိရဲ့ ဘဏ်ငွေစာရင်းကို မပျက်မကွက် ထည့်သွင်းရန် လိုအပ်ပြီး နိုဝင်ဘာ ၁၇ ရက် အတွင်း လိုက်နာဆောင်ရွက်တာ မရှိလျှင် အရေးယူသွားမည်ဟု ဗဟိုဘဏ်က ထုတ်ပြန်သည်။

နိုဝင်ဘာ ၁၂ ရက် သုံးသပ်ချက်

စစ်ကောင်စီ၏ လေယာဉ်ကို တော်လှန်ရေးအင်အားစုများမှ ပစ်ချနိုင်ခဲ့ကြောင်း ရုပ်သံနှင့်တကွထုတ်ပြန် သော်လည်း စစ်ကောင်စီ သတင်းထုတ်ပြန်ကြားရေးက စက်ချွတ်ယွင်း၍ ပျက်ကျခဲ့ပြီး လေသူရဲများနှင့် အဆက်အသွယ်ရနေပြီဖြစ်ကြောင်း သတင်းမှန်ကို အမြဲတမ်းဖုံးကွယ်လေ့ရှိသည့်စစ်ကောင်စီမှ ဝါဒဖြန့်ချိ သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။

နိုင်ငံအနှံ့တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီကို စစ်မျက်နှာပေါင်းစုံဖြင့် တော်လှန်ရေး အင်အားစုများမှ တိုက်ခိုက်နေခြင်းကြောင့် စစ်တပ်စခန်းများ တစ်ခုပြီးတစ်ခု ဆုံးရှုံးနေသည်ကို တွေ့ရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required