ရန်ကုန် စက်သုံးဆီဆိုင်များတွင် တန်းစီဝယ်ယူသူ များပြား

12 November 2023
ရန်ကုန် စက်သုံးဆီဆိုင်များတွင် တန်းစီဝယ်ယူသူ များပြား

ရန်ကုန်မြို့တွင်း စက်သုံးဆီအရောင်းများတွင် ယနေ့ နိုဝင်ဘာလ ၁၂ ရက်၌ စက်သုံးဆီကို အကန့်အသတ်ဖြင့်သာရောင်းချနေပြီး တန်းစီဝယ်ယူသူ များပြားနေကြောင်း သိရသည်။

ရန်ကုန်မြို့တွင် နိုဝင်ဘာလ ၁၁ ရက် ညနေပိုင်းက စတင်ပြီး ဓာတ်ဆီ 92 နှင့် 95 ပြတ်လပ်၍ စက်သုံးဆီဆိုင်အချို့ပိတ်ထားရာမှ ယနေ့တွင် ပြန်လည်ရောင်းချနေကြကြောင်း ယာဥ်ပိုင်ရှင်များထံက သိရသည်။

‘’ မနေ့ကဆိုရင် မနက်ထဲက တနေကုန် အခုချိန်ထိ လမ်းတွေပိတ်၊ ကားတွေကလည်း တန်းစီနေကြတယ်။ ဓါတ်ဆီဆိုင်တွေ လိုက်ရှာကြတာ။ စမ်းချောင်းထဲက ဆိုင်တွေဆိုရင် 92 နဲ့ 95 တွေက ဝယ်မရဘူး။ ဆိုင်တွေကလည်း မရဘူး ဆိုတာပဲ ။ တချို့ရတဲ့ဆိုင်တွေကြတော့လည်း ကားတစီးကို နှစ်သောင်းဖိုးထက်ပိုမရောင်းပေးကြဘူး။ ဒီနေ့တော့ မနက်ထဲကပြန်ရောင်းပေးတယ်။ ဒါပေမဲ့ ကားတန်းတွေကတော့ တော်တော်များတယ်။ နေ့လယ်ဆိုရင်တောင် ရပါ့မလား မသိတော့ဘူး’’ ဟု တက္ကစီယာဉ်မောင်း တဦးကဆိုသည်။

မြောက်ဥက္ကလာမြို့နယ် အဝိုင်းကြီးမှတ်တိုင်နားရှိ Denko စက်သုံးဆီဆိုင်တွင် စောင့်ဆိုင်းနေသည့် ကားတန်းသည် မေဓါဝီလမ်းဆုံအနားထိရှိနေပြီး သုနန္ဒာလမ်းဆုံးရှိ Moon Sun စက်သုံးဆီဆိုင်တွင် ဆီထည့်ရန် စောင့်နေသည့် ယာဉ်တန်းသည် ဝဇီယာမှတ်တိုင်အကျော်ထိရှိနေသည်။ မြောက်ဥက္ကလာအဝိုင်းကြီးနားရှိ YP စက်သုံးဆီဆိုင်တွင် ဆီထည့်ရန် စောင့်နေသည့် ယာဉ်တန်းသည် မြောက်ဒဂုံတံတားအနားထိ ရောက်နေသည်ကို တွေ့ရှိနေရသည်။

" ဆီဈေးက ကျမယ်လုပ်လိုက်ရင် သူတို့က ထုတ်မရောင်းကြတော့ဘူး ။ ပိတ်လှောင်ထားလိုက်တဲ့ သဘောပေါ့။ အဲ့ဒီလိုဆိုတော့ ဆီဈေးက တက်ပြီ။ ဆီဈေးလည်းတက်ရော အကန့်အသတ်နဲ့ရောင်းပေးတာမျိုး လုပ်ကုန်ရော။ လူတွေက တန်းစီဝယ်ရရော။ အချိန်ကုန်တယ်လေနော်။ ဒီနေ့ဆိုလည်း အဝိုင်းနားက ဆိုင်မှာ တော်တော်စောင့်ရတယ်။ အခုထိလည်း စောင့်ရတုန်းပဲ" ဟု မြောက်ဥက္ကလာပ မြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတဦးက ယနေ့ နေ့လယ် ၁၂ နာရီတွင် ပြောသည်။

တောင်ဒဂုံ၊ မြောက်ဒဂုံ၊ တာမွေ၊ မြောက်ဥက္ကလာ၊ သာကေတ၊ မင်္ဂလာဒုံ၊ ထောက်ကြံ့ မြို့နယ်တို့ရှိ ဆီဆိုင်အချို့တွင် 92၊ 95 ဆီများ ပြတ်လပ်နေသည့်အတွက် ထိုစက်သုံးဆီများ ရရှိနိုင်သည့် ဆိုင်များတွင် တန်းစီဝယ်ယူသူများပြားနေခြင်းဖြစ်ကြောင်း ယာဥ်မောင်းတဦးက ပြောသည်။

" သီလဝါကနေ ဆီဆိုင်တွေ အပြည့်အဝ ထုတ်ခွင့်မရဘူး။ အဓိကက စကစက ဆီဈေး ကစားတဲ့ပုံစံပါပဲ။ ဖြစ်ရိုးဖြစ်စဉ်လို ဖြစ်နေပြီ" အသေးစား စီးပွားရေးလုပ်ငန်းရှင်တဦးက သုံးသပ်သည်။

ယနေ့ထုတ် စစ်ကောင်စီလက်အောက်ခံ သတင်းစာတွင် ဖော်ပြထားသည့် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ 92 တလီတာ ၂,၀၆၀ ကျပ်၊ 95 တလီတာ ၂,၁၆၀ ကျပ်၊ ဒီဇယ်တလီတာ ၂,၁၉၅ ကျပ်၊ ပရီမီယံဒီဇယ်တလီတာ ၂,၃၂၀ ကျပ်တို့ဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima

#စက်သုံးဆီ

ရုပ်သံ အညွှန်း - မြောက်ဥက္ကလာမြို့နယ်ထဲတွ င်စက်သုံးဆီ ဝယ်ယူရန် တန်းစီနေသည့် ယာဉ်တန်းများ ( ဗီဒီယို- CJ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly