သီပေါမြို့  ကျင်တီတံတား စစ်ကောင်စီတပ်စခန်းအား TNLA သိမ်းပိုက်

By ရွှေနွယ် (မဇ္ဈိမ)
12 November 2023
သီပေါမြို့  ကျင်တီတံတား စစ်ကောင်စီတပ်စခန်းအား TNLA သိမ်းပိုက်
ဓာတ်ပုံ- 009/မဇ္ဈိမ

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ဘိုကြိုကျေးရွာအနီးရှိ စစ်ကောင်စီ၏ ကျင်တီတံတားတပ်စခန်းအား ယနေ့ နိုဝင်ဘာ ၁၂ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA ) က ထုတ်ပြန်သည်။

ကျင်တီတံတားအနီး ယနေ့နံနက်တွင် စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ပြီး ကျင်တီတံတားသည်လည်း မိုင်းထိမှန်၍ ထိခိုက်ပျက်စီးမှုရှိကြောင်း သီပေါမြို့ဒေသခံထံက သိရသည်။

“မြို့ထဲကနေ ကြားနေရတယ်ပစ်ခတ်သံတွေကို။ ၇ နာရီလောက်အထိကြားရတယ်။ အခုတော့ငြိမ်သွားတယ်။ ကျင်တီတံတားက ကျိုးကျသွားတာတော့မဟုတ်သေးဘူး။ မိုင်းထိပြီး ပဲ့သွားတာပါ” ဟု သီပေါမြို့ဒေသခံက နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်တွင်ပြောသည်။

ကျင်တီတံတားသည် သီပေါမြို့နှင့် ကျောက်မဲမြို့ကြားတွင်တည်ရှိပြီး သီပေါမြို့မှ ခြောက်မိုင်ခန့်အကွာတွင် တည်ရှိသည်။

လက်ရှိတွင် သီပေါ−ကျောက်မဲ၊ သီပေါ−လားရှိုးကားလမ်းများပိတ်ထားကြောင်းလည်း သိရသည်။

စစ်ဆင်ရေး ၁၀၂၇ စတင်ခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့မှစတင်ကာ ယနေ့အထိ PSLF/TNLA က စစ်ကောင်စီ၏ တပ်စခန်းပေါင်း ၃၀ နှင့်အထက် သိမ်းပိုက်ထားနိုင်ပြီး နမ့်ခမ်းမြို့ကိုလည်း အောင်မြင်စွာထိန်းချုပ်ထားနိုင်ကြောင်း TNLA ၏ထုတ်ပြန်ချက်များအရသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#သီပေါမြို့
#TNLA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly