စစ်လေယာဉ်ပျက်ကျမှုနှင့် လေသူရဲ ၂ ဦးထွက်ပြေးလွတ်မြောက်သွားမှု နောက်ဆက်တွဲ (၂)

စစ်လေယာဉ်ပျက်ကျမှုနှင့် လေသူရဲ ၂ ဦးထွက်ပြေးလွတ်မြောက်သွားမှု နောက်ဆက်တွဲ (၂)
ဓာတ်ပုံ (၁)- Myanmar Witness က ပုံဖော်ပြထားသော K-8 အမျိုးအစား အပေါ့စားတိုက်လေယာဉ်

ကရင်နီပြည်နယ်အတွင်း ယမန်နေ့က ပျက်ကျသွားသော စစ်လေယာဉ်သည် တရုတ်နိုင်ငံထုတ် K-8 အမျိုးအစားဖြစ်ကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

K-8 သည် လေသူရဲထိုင်ခုံနှစ်ခုပါ လေ့ကျင့်ရေးအပေါ့စားတိုက်ခိုက်ရေးလေယာဉ်ဖြစ်ပြီး မြန်မာစစ်တပ်တွင် ၁၂ စီးအသုံးပြုနေခဲ့သည်ဟု ၂၀၂၂ ခုနှစ် Flight Global ၏ ကမ္ဘာ့လေတပ်များလမ်းညွှန်တွင်ပါရှိသည်။ K-8 ကို စစ်ကောင်စီတပ်က ကရင်နီပြည်နယ်အတွင်း လေကြောင်းမှပစ်ခတ်တိုက်ခိုက်မှုများတွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာမှစတင်၍ အကြိမ်ပေါင်းများစွာ အသုံးပြုနေခဲ့သည်ကို Myanmar Witness က မှတ်တမ်းတင်ထားသည်။

ယခုသတင်းပေးပို့သည့်အချိန်အထိ လေထီးခုန်ဆင်းသွားသော လေယာဉ်မောင်းနှစ်ဦးကို စစ်ကောင်စီတပ်က အသည်းအသန်ရှာဖွေလျက်ရှိသည်။

အခြေအနေကို စောင့်ကြည့်နေသည့် မဇ္ဈိမစစ်မြေပြင်သတင်းထောက်က "မနေ့ညက တညလုံး လေယာဉ်တွေပျံတယ်။ ပြီးတော့ UAV လည်းပျံတယ်။ Fighter jet က ညက ၄၈ ခေါက်လောက်ကျော်မယ်" ဟု သတင်းပေးပို့သည်။

စစ်လေယာဉ်မှာ ပစ်ချခံရ၍ ပျက်ကျခြင်းလား၊ စက်ချို့ယွင်းမှုကြောင့်လားဆိုခြင်းနှင့်ပတ်သက်၍ လတ်တလော ကရင်နီတွင် တိုက်ပွဲဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် ကရင်နီတပ်ပေါင်းစုတို့ နှစ်ဖက်ပြောကြားချက်များကွဲလွဲနေသည်။

KA၊ KNDF၊ KNPLF၊ DMO PDF၊ Loikaw PDF၊ မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ မြို့ပြပြောက်ကျားတပ်နှင့် ရှမ်းတောင် PDF တို့ပါဝင်သော ကရင်နီတပ်ပေါင်းစု၏ ယမန်နေ့က ထုတ်ပြန်ချက်တွင် " စစ်ကောင်စီ၏ အမျိုးအမည်မသိ တိုက်လေယာဉ် တစီးအား မိမိတို့ KNDF-801 နှင့် KA တို့မှ ပွိုင့်ဖိုက် (0.5) များဖြင့် တန်ပြန်ပစ်ခတ်နိုင်ခဲ့ပြီး လေယာဉ်အတောင်ပံနှင့် ကိုယ်ထည်ပိုင်းအား ကျည်ဆံထိမှန်ခဲ့ပြီး မီးခိုးအများအပြားထွက်ကာ ပြန်လှည့်ထွက်သွားခဲ့ပြီး စစ်မြေပြင်နှင့်အဝေးတနေရာတွင် ပျက်ကျခဲ့ပါသည်။ အဆိုပါလေယာဉ်အတွင်းပါဝင်သူများအား နှစ်ဖက်တပ်များမှ လိုက်လံရှာဖွေနေဆဲဖြစ်ပါသည်" ဟု ပါရှိသည်။

ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ၁၁.၁၁ စစ်ဆင်ရေး (11.11 Operation) အဖြစ် ယမန်နေ့က ဒီးမောဆိုမြို့နယ် နန်းမယ်ခုံမြို့ရှိ တပ်စခန်းများအပါအဝင် မိုးဗြဲမြို့နှင့် လွိုင်ကော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တပ်စခန်းခုနှစ်ခုကို သိမ်းနိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။

အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်က တိုက်လေယာဉ်နှစ်စီးသုံးကာ ပစ်ခတ်ခဲ့သလို တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့်လည်း ပစ်ခတ်ခဲ့သည်ဟုပါရှိသည်။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်တပ်ဝါဒဖြန့်မီဒီယာများသို့ပေးပို့သော သတင်းစကားတွင် စစ်လေယာဉ်သည် လေ့ကျင့်ရေးအပေါ့စားတိုက်လေယာဉ်ဖြစ်ပြီး " စက်ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့တာရှိတယ်။ လေယာဉ်မှူးနဲ့ တွဲဖက်လေယာဉ်မှူးနဲ့ ဆက်သွယ်မှုရရှိပြီးဖြစ်ပါတယ်။"ဟု ထဲ့သွင်းပြောကြားသွားသည်။

မဇ္ဈိမ၏ စစ်သတင်းထောက်က "ပေါက်ကွဲသံကြားခဲ့ရတယ်။ ကြားကြားချင်းပဲ (ညနေ) ၄ နာရီ ၄၀ ကျော်ကျော်လောက်မှာ ကျတဲ့တနေရာကို သွားရှာကြည့်တော့ ပိုင်းလော့လို့ယူဆလို့ရတဲ့သူရဲ့ခြေရာကိုတွေ့တယ်။ တောင်ကြောကိုဆင်းပြေးသွားတဲ့သဘောရှိတယ်။ လေထီးခုန်တာ (အရေးပေါ်ခုန်ဆင်းတာ) နှစ်ယောက်ခုန်တယ်။ တယောက်က ဆန့်ကျင်ဘက်လားရာဘက်ကိုကျသွားတယ်။" ဟု ပြောသည်။

အခင်းဖြစ်ပွားပြီးမကြာမီပင် စစ်ကောင်စီတပ်ရဟတ်ယာဉ်များ၊ ကင်းထောက်ဒရုန်းများ အဆက်မပြတ်ပျံသန်းကာလိုက်လံရှာဖွေခဲ့သလို ပစ်ခတ်မှုများလည်းအကြိမ်ပေါင်းများစွာလုပ်နေခဲ့သည်။ အခင်းဖြစ်ပြီးချိန်မှစ၍ ညအချိန်အတွင်း လေယာဉ်ပျံသန်းမှု အကြိမ် ၅၀ ခန့်ပျံသန်းခဲ့သည်ဟု သိရသည်။ ယမန်နေ့ညမှစတင်ကာ ဒေသတွင်း တယ်လီဖုန်းလိုင်းများ၊ အင်တာနက်လိုင်းများလည်း ပြတ်တောက်မှုမကြာခဏဖြစ်နေသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly