နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၁ နိုဝင်ဘာ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၁ နိုဝင်ဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ

ပြည်သူ့နွေဦးတော်လှန်ရေးက ယခုနှစ် အောက်တိုဘာလနှောင်းပိုင်းမှာ ပိုမိုကြီးမားသည့် အရှိန် အဟုန်နှင့် အဆင့် တဆင့်ကို တက်လှမ်းသွားပြီးတော့ “ပြည်သူ့ခုခံတွန်းလှန်စစ်” ကနေ “မဟာဗျူဟာမြောက် တန်ပြန်ထိုးစစ်” အခြေအနေကို ရောက်ရှိနေပြီလို့ အမျိုးသားညီညွတ်ရေး အစိုးရက ထုတ်ပြန်အသိပေးလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီ နှင့် စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၊ ခရိုင်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့၊ မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုကို နိုဝင်ဘာလ ၁၀ ရက် က ပြုလုပ်ခဲ့ ကြသည်။

တိုက်ခိုက်သိမ်းပိုက်ရရှိထားတဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်အတွင်းက ကောလင်းမြို့မ ရဲစခန်း ထဲ တွင် အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်း သားများကို တော်လှန်ရေးအင်အားစုများက ပြန်လွှတ်ပေးခဲ့ကြောင်း ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ကနေ ကောလင်းမြို့ ဘက်ကို စစ်ကြောင်းထိုးရန် ထွက်လာသည့် ရန်သူ့အင်အား (၂၀၀) ကျော်ပါ စစ်ကြောင်းကို ကန့်ဘလူ မြို့နယ်၊ အလယ်ခုံ ကျေးရွာ အနောက်မြောက်ဘက်မှာ တိုက်ခိုက်ချေမှုန်း ခဲ့ရာ ရန်သူစစ်ကောင်စီတပ်သား (၈၀) ဦးကျော်ခန့် သေဆုံးခဲ့ပြီး (၂၀) ဦး ဝန်းကျင် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

စစ်ကိုင်းတိုင်းက NUG မြေပြင်ပြည့်သူ့ အခြေပြုကျောင်းက ကျောင်းသား ကျောင်းသူများ နိုဝင်ဘာ ၁၁ ရက်နေ့ ၁၁၁၁ အောင်သပြေ လှုပ်ရှားမှုပြုလုပ်ခဲ့ကြကြောင်း သိရသည်။

တမူးမြို့က ပြည်သူများ စုပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ၁၁၁၁ အောင်သပြေလူထု လှုပ်ရှားမှု နိုဝင်ဘာ ၁၁ ရက်နေ့မှာ ဆန္ဒပြချီတက်ခဲ့ကြသည်။

မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီအနေနဲ့ နိုင်ငံအဝှမ်းဆင်နွှဲနေကြတဲ့ 1111 အောင်သပြေ လှုပ်ရှားမှုကို မုံရွာမြို့မှာသပိတ်စစ်ကြောင်းချီတက်ကာ  ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင်" ၁၁၁၁ "လူထုသပိတ်လှုပ်ရှားမှုကို နိုဝင်ဘာ ၁၁ရက် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က အခုရက်ပိုင်းအတွင်း ၂ နှစ်ကျော်ကကြာ အထိုင်ချ တပ်စွဲထားတဲ့ တပ်စခန်း ၂ ခုကို စွန့်ခွာက တပ်ဆုပ်သွားပြီးတော့ အဲဒီနေရာတွေကို PDF တွေက နယ်မြေရှင်းလင်းပြီး တော့ ထိန်းချုပ်မှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ၊‌ မြောင်မြို့နယ်၊ Youths For Community-YFC Myaung နှင့် မန္တလေးသပိတ် အင်အားစုများ ပူးပေါင်းပြီးတော့ မြောင်မြို့နယ်ပြည်သူတွေနဲ့အတူ တလှိုင်းပြီးတလှိုင်း တဆင့်ပြီး တဆင့် မြင်းမား ၊ တိုးတက်လာသည့် ပြည်သူ့တော်လှန်‌ရေးအောင်ပွဲကို အောင်သပြေများနှင့် ကြိုဆိုခဲ့ကြကြောင်း YFCf-Myaung က  သတင်းထုတ်ပြန် ထားသည်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း အထပ်မြင့်တိုက်များပေါ်မှာ အသင့်နေရာယူပြီး ခံစစ်ပြင်နေ သည့်  အကြမ်းဖက်စစ်သားများကို အလင်းဝင်ရောက်ကြဖို့ တိုက်တွန်းစာများကို PDF ပူးပေါင်း အဖွဲ့က ဒရုန်းတွေနဲ့ ဝေဟင်ကနေ ကျဲချခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း (၁၄) က ပြောသည်။

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် ၊ ကျောက်ရေတွင်းရပ်ကွက်မှာ နေထိုင်သည့် အကြမ်းဖက် စစ်ကောင်စီ ထောက်တိုင် ရဲမှူး ၁ ဦး၏ နေအိမ်ကို ရန်ကုန်အခြေစိုက် တော်လှန်ရေးပူးပေါင်းအဖွဲ့က လက်ပစ်ဗုံးနှင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Yangon Army က သတင်းထုတ်ပြန်ထားသည်။

ယနေ့ အောက်တိုဘာလ ၁၁ ရက်နေ့တွင် “၁၁၁၁” အောင်သပြေလှုပ်ရှားမှုအဖြစ် အောင်သပြေပန်း များကို ဘုရားလှူခြင်းနှင့်ပန်ခြင်းများပြုလုပ်ခဲ့ပြီး စစ်ဆင်ရေး ၁၀၂၇ ကို ထောက်ခံကြောင်း ပြသခဲ့ကြသည်။

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ ငြိမ်းဇာနီ(စစ်မှုထမ်းဟောင်းရုံး)စစ်ကောင်စီ အထိုင်စခန်းကို နိုဝင်ဘာ ၁၀ရက်၊ နံနက် ၉နာရီအချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger (MBT) တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တဦးနှင့် အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ထံမှ သိရသည်။

လာမည့် နိုဝင်ဘာလ ၁၃ ရက်တွင် ကျရောက်မည့် (၈) ကြိမ်မြောက် အင်းအသားအမျိုးသားနေ့ကို အကျဥ်းချုံး ကျင်းပရန် အင်းလေးလူထုအရေးတက်ကြွလှုပ်ရှားသူများက တောင်းဆိုလိုက်သည်။

ရန်ကုန်က စက်သုံးဆီဆိုင်တချို့တွင် နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းကစပြီး စက်သုံးဆီပြတ်လပ် မှုဖြစ်ပေါ်ခဲ့ကြောင်း ကိုယ်တိုင်သွားရောက်ဆီဖြည့်ခဲ့သူများထံမှ သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ကရင်နီပြည်နယ်မှာ လတ်တလောဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေများအရ " လွိုင်ကော် - ဒီးမော့ဆို ၊ လွိုင်ကော်- မိုးဗြဲ နဲ့ လွိုင်ကော်- ဆီဆိုင် " လမ်းမကြီးများကို အသွားအလာ မပြုလုပ်ကြရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ထားသည်။

ကရင်နီပြည်နယ်၊ လွိုင်ကော်၊ ဒီးမော့ဆို၊ နန့်မယ်ခုံနှင့် နန်းစံခန်း တို့ရှိ စစ်ကောင်စီတပ်စခန်း ၇ ခုကို တော်လှန်ရေး တပ်ဖွဲ့များက ယနေ့ နံနက်ပိုင်း တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း မြောက်ပိုင်းမဟာ မိတ်ညီနောင် ၃ ဖွဲ့က တရားဝင် သတင်းထုတ်ပြန်သည်။

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ကို ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်အစောပိုင်းတွင် ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) အပါအဝင် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်နေကြောင်း KNDF နှင့် ဒေသခံများထံမှ သိရသည်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် နေအိမ် ၁၄လုံး ပျက်စီးသွားကြောင်း ဒေသခံများနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ -မင်းတပ် ( CDF- Mindat) ထံက သိရသည်။

စစ်ကောင်စီ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ ကချင်အမျိုးသားဥယျာဉ် မနော(မနောင်) ကွင်း အတွင်း ယခုရက်ပိုင်း၌ စစ်ကောင်စီထောက်ခံသူများက ရုတ်တရက်လာရောက်ကာ ဆန္ဒထုတ် ဖော်မှု ကို ပြုလုပ်သွားသည်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မင်းလှရွာကို စစ်ကောင်စီက ယနေ့ နိုဝင်ဘာလ ၁၀ရက် ညနေ ၃နာရီ ၂၅မိနစ်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်သွားကြောင်း မြို့ခံများကပြောသည်။

ပြည်ထဲရေးဝန်ကြီးဟောင်းဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကို စစ်တရားရုံးက ထောင်ဒဏ် ၅ နှစ် ချမှတ် လိုက်ပြီဖြစ်ကြောင်း စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပြန်လိုက်သည်။

ကျန်းမာရေးဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီး ဌာနမှူး ဒေါက်တာ ဌေးလွင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် စိတ်ကျန်းမာရေး ဆေးရုံကြီး(ရန်ကုန်)သို့ သွားရောက်ကာ ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြောင်း စစ်ကောင်စီသတင်းတွင် ဖော်ပြထားသည်။

ကွမ်လုံမြို့ တချို့နေရာများတွင် MNDAA ရောက်နေပြီး ဒီကွမ်လုံဗျူဟာနဲ့ ကွပ်ကွဲမှုအောက် တပ်များ အနေဖြင့် ကတော့ ရက်သတ္တတစ်ပတ်ခန့်ရှိပြီးရန်သူကို ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်နေတာမျိုး ဖြစ်ကြောင်း TNLA ဝင်ရောက်သွားသည့် သိန္နီမြို့အခြေအနေမှာတော့ သိန္နီမှာရှိသည့် တပ်များအနေဖြင့် ပြန်လည်လွှမ်း မိုးမှုရရှိပြီးဖြစ်ကြောင်း စစ်ကောင်စီ ပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

နိုဝင်ဘာ ၁၁ ရက် သုံးသပ်ချက်

စစ်ကောင်စီ သတင်းပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက သိန္နမြို့ကို စစ်တပ်က ပြန်လည်လွမ်းမိုးမှုရသွားပြီး ကွမ်းလုံမှာလည်း ရွပ်ရွပ်ချွံချွံတိုက်နေတုန်းဖြစ်ကြောင်း တော်လှန်ရေး အင်အားစုများ သိမ်းပိုက်ထားသည်ဆိုသည့် သတင်းများသည် သတင်းအမှားသာဖြစ်ကြောင်း ဗြောင်လိမ်ပြောဆိုနေသည်ကို တွေ့ရသည်။

ကရင်နီပြည်နယ်တွင်လည်း ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ဟန်ချက်ညီပူးပေါင်းစစ်ဆင်ရေး ဆင်နွှလျက်ရှိ သည့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) နှင့် မဟာမိတ်တပ်ဖွဲဝင်များပါဝင်သော ပူးပေါင်း အဖွဲ့ တို့များ စတင်တိုက်ခိုက်နေသည်ဟုဆိုထားသည့်အတွက် စစ်ကောင်စီသည် စစ်မျက်နှာအများ အပြား ဖွင့်ခံထားရပြီး စခန်းများ တစ်ခုပြီးတစ်ခု လက်လွှတ်ရမည့် စခန်းများ များလာဖွယ်ရှိနေသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required