ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရဲနှင့် ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားသည့်နောက် လစာ သုံးဆနီးပါး တိုးပေးရေး တောင်းဆိုကြသည် ဆန္ဒပြအထည်ချုပ်အလုပ်သမားများအတွက် နောက်ထပ် လစာ တိုးမြှင့်ပေးရေးကို ဝန်ကြီးချုပ် ရှိတ် ဟာစီနာက ပယ်ချလိုက်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အထည်ချုပ်စက်ရုံပေါင်း ၃,၅၀၀ သည် နှစ်စဉ်ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၅ ဘီလီယံ၏ ၈၅ ရာခိုင်နှုန်းကို ရှာဖွေပေးနေပြီး Levis၊ Zara နှင့် H&M အပါအဝင် ကမ္ဘာ့ထိပ်တန်းဖက်ရှင်များအတွက် ဖြည့်ဆည်းပေးနေခြင်း ဖြစ်သည်။
သို့ရာတွင် အထည်ချုပ်လုပ်ငန်း၏ လေးသန်းမျှရှိသော အလုပ်သမားများ အများစု၏ အခြေအနေမှာ ဆိုးဝါးနေပြီး အမျိုးသမီးများ အများစုဖြစ်သော ယင်းလုပ်ငန်းတွင် လစာကို တာကာ ၈,၃၀၀ (အမေရိကန်ဒေါ်လာ ၇၅ ဒေါ်လာ) သာ စတင် ရရှိကြသည်။
စက်ရုံတိုင်း၌ အနိမ့်ဆုံးလစာ တာကာ ၂၃,၀၀၀ ပေးရန် တောင်းဆိုသည့် တောင်အာရှ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အထည်ချုပ်အလုပ်သမားများအတွက် အစိုးရခန့်အပ်သော ခုံရုံးတရပ်က ၅၆ ဒသမ ၂၅ ရာခိုင်နှုန်း တိုးပေးပြီး တာကာ ၁၂,၅၀၀ (အမေရိကန်ဒေါ်လာ ၁၁၃ ဒေါ်လာ) တိုးပေးထားခြင်း ဖြစ်သည်။
“အထည်ချုပ် အလုပ်သမားတွေကို ကျွန်မ ပြောချင်ပါတယ်၊ သူတို့တွေဟာ တိုးပေးတဲ့ လစာနဲ့ လုပ်သွားကြရပါလိမ့်မယ်၊ သူတို့ အလုပ်ကို ဆက်ပြီး လုပ်နေသင့်ပါတယ်”ဟု အာဏာရ Awami League ပါတီ၏ ကြာသပတေးနေ့ နှောင်းပိုင်းက ပြုလုပ်သော အစည်းအဝေးတရပ်၌ ဟာစီနာက ပြောသည်။
ဆန္ဒပြမှုများကြောင့် အနည်းဆုံး အလုပ်သမား သုံးဦး သေဆုံးပြီး ပြီးခဲ့သည့် သီတင်းပတ်မှ စတင်ကာ စက်ရုံပေါင်း ၇၀ ကျော်ထက်မနည်း ဖျက်ဆီးခံရကြောင်း ရဲက ပြောသည်။
“တစုံတဦးရဲ့ လှုံ့ဆော်မှုနဲ့ လမ်းပေါ်ထွက်ပြီး သူတို့တွေ ဆန္ဒပြမယ်ဆိုရင် သူတို့ပဲ အလုပ်ဆုံးရှုံးမှာ ဖြစ်တယ်၊ ဒါဆိုရင် ရွာပြန်ကြရလိမ့်မယ်”ဟု ဝန်ကြီးချုပ်က ထပ်လောင်းပြောသည်။
“စက်ရုံတွေသာ ပိတ်လိုက်ရရင် ထုတ်လုပ်မှုတွေ အမျှင်ပြတ်သွားမယ်၊ ပို့ကုန်တွေ ကသောင်းကနင်း ဖြစ်မယ်၊ ဒါဆို သူတို့အတွက် အလုပ်က ဘယ်မှာလဲ၊ ဒါကို သူတို့ နားလည်ပါလိမ့်မယ်”ဟု ၎င်းက ဆိုသည်။
စက်ရုံပေါင်း ၁၉ ခု တိုက်ခိုက်ဖျက်ဆီးခံရသည်မှာ သူတို့ကို အစားအစာနှင့် အလုပ်အကိုင်များ ပေးနေသည့် လုပ်ငန်းများပဲ ဖြစ်သည်ဟု ဟာစီနာက ပြောသည်။
ဟာစီနာ၏ ပြောစကားသည် စက်ရုံများ၌ “အကြောက်တရား မြင့်တက်အောင်” ဖန်တီးခြင်းပဲ ဖြစ်ကြောင်း အမည်မဖော်သည့် သမဂ္ဂခေါင်းဆောင်တဦးက ပြောပြီး ဆန္ဒပြမှုများကို နောက်ထပ် ဖြိုခွင်းရန် လုံခြုံရေးတပ်များအား ခွင့်ပြုမိန့် ပေးထားသည်ဟု သတိပေးခဲ့သည်။
(မိုးသဲ ဘာသာပြန်သည်။)