ရေစကြို ငြိမ်းဇာနီ စစ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်

By 008 (မဇ္ဈိမ)
11 November 2023
ရေစကြို ငြိမ်းဇာနီ စစ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ ငြိမ်းဇာနီ(စစ်မှုထမ်းဟောင်းရုံး)စစ်ကောင်စီ အထိုင်စခန်းကို နိုဝင်ဘာ ၁၀ရက်၊ နံနက် ၉နာရီအချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger (MBT) တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

"ကျွန်တော်တို့ Myingyan Black Tiger (MBT)နဲ့ညီနောင်မဟာမိတ်အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲကြာချိန် နှစ်နာရီခန့်ကြာမြင့်ခဲ့ပါတယ်"ဟု MBT တာဝန်ရှိသူကပြောသည်။

အဆိုပါစခန်းအား သိမ်းဆည်းခါနီးတွင် ရေစကြိုမြို့နယ် စုပေါင်းရုံးမှ ရောက်ရှိလာသည့် စစ်ကူများကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာပေးခဲ့ရကြောင်းသိရသည်။

"စခန်းသိမ်းနိုင်ရန် အလိုမှာ ရုံးပေါင်းစုံက လာတဲ့စစ်ကူတွေကို ကြားဖြတ်တိုက်ခိုက်မှုမှာ ရေရှည်တောင့်မခံနိုင်တဲ့အတွက် တိုက်ခိုက်မှုအပိုင်းမှာ ရဲဘော်များအနေနဲ့ ရင်နာနာနဲ့ ပြန်လည်ဆုတ်ခွာပေးခဲ့ရတယ်"ဟု MBT တာဝန်ရှိသူကပြောသည်။

ငြိမ်းဇာနီစခန်းကို တိုက်ခိုက်နေစဥ် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးမှာထွက်ပြေးသွားပြီး နှစ်ဦးသေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက် မှ နှစ်ဦးထိခိုက် ဒဏ်ရာရရှိကြောင်း MBT တာဝန်ရှိသူကဆိုသည်။ ထိခိုက်သေဆုံးသူများ စာရင်းကို မဇ္ဈိမ အနေနှင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါ။

အဆိုပါ ငြိမ်းဇာနီစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်နှင့် ပျူအဖွဲ့ဝင် စုစုပေါင်း ၂၅ဦး အထိုင်ချ တပ်စွဲထားပြီး ရေစကြိုမြို့ပေါ်တွင် ပြည်သူများအား အနိုင်ကျင့် အကြမ်းဖက်နေသော အဖွဲ့ဖြစ်ကြောင်းသိရသည်။

အဆိုပါစစ်ဆင်ရေးကို Myingyan Black Tiger (MBT)၊ မြောင်တပ်ပေါင်းစု၊ YSO TPG မြိုပြ ပြောက်ကျားတပ်ဖွဲ့၊Popa Production & Guerilla Force (PPGF)၊မြင်းခြံခရိုင် တပ်ရင်း(၁)နှင့်Thway Thauk Revolution Force တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima

#ရေစကြိုမြို့

#ငြိမ်းဇာနီစစ်စခန်း

ရုပ်သံ၊MBT

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly