မပြီးပြတ်သောအမှုတွဲများ တောင်လိုပုံနေသဖြင့် တရားသူကြီးများ ပိုမိုခန့်အပ်ပေးရန် အိန္ဒိယဝန်ကြီးချုပ်ကို တရားသူကြီးချုပ် တောင်းဆို

မပြီးပြတ်သောအမှုတွဲများ တောင်လိုပုံနေသဖြင့် တရားသူကြီးများ ပိုမိုခန့်အပ်ပေးရန် အိန္ဒိယဝန်ကြီးချုပ်ကို တရားသူကြီးချုပ် တောင်းဆို

နယူးဒေလီ၊ ဧပြီ၊ ၂၄ ။         ။ မပြီးပြတ်သော အမှုတွဲများမှာ တောင်လိုပုံနေသဖြင့် တရားသူကြီးများ ယခုထက်ပိုမိုခန့်အပ်ပေးပါရန် အိန္ဒိယနိုင်ငံ၏ တရားသူကြီးချုပ်က ဝန်ကြီးချုပ်နာရင်ဒါမိုဒီကို   တောင်းဆိုလိုက်သည်။

လက်ရှိ တရားသူကြီး ၂၁၀၀၀ ခန့်မျှဖြင့် သိန်းနှင့်သန်းနှင့်ချီနေသော မပြီးပြတ်သေးသည့် အမှုတွဲများကို မည်ကဲ့သို့ကိုင်တွယ်ဖြေရှင်းနိုင်ပါမည်နည်းဟု တရားသူကြီးချုပ် တီ၊အက်စ်၊တာကူရ် က မျက်ရည်များဝဲလျက်က မေးခွန်းထုတ်ခဲ့သည်။

လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံ၊ တရားရုံးချုပ်၏ တရားသူကြီးများသည် တစ်ဦးလျှင် တစ်နှစ်အတွင်း အမှုပေါင်း ၂၆၀၀ ခန့်ကိုင်တွယ်နေရပြီး အမေရိကန်ပြည်ထောင်စုရှိတရားသူကြီးများမှာမူ တစ်ဦးလျှင် ၈၁ မှုသာကိုင်တွယ်ရကြောင်းလည်း နှိုင်းယှဉ်တင်ပြသွားခဲ့သည်။

အစိုးရအဖွဲ့အနေဖြင့် တရားကြီးချုပ်တင်ပြသည့် ပြဿနာကို ဖြေရှင်းနိုင်ရန်ကြိုးစားသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် မစ္စတာမိုဒီက ပြန်လည်ပြောကြားခဲ့သည်။

ဒေလီတွင်ကျင်းပသည့် အစည်းအဝေးတစ်ခုတွင် တရားသူကြီးချုပ်မစ္စတာ တာကူရ်က '' ဒီဝန်ထုပ်ဝန်ပိုးကြီးတစ်ခုလုံးကို တရားရေးဘက်ကိုချည်းပဲ လွှဲထားလို့မရပါဘူး။ တရားသူကြီးတွေရဲ့ လုပ်နိုင်၊ကိုင်နိုင်စွမ်းက အကန့်အသတ်ရှိပါတယ် '' ဟုလည်း ပြောကြားခဲ့သည်။

အစိုးရအနေဖြင့် တရားသူကြီးအရေအတွက်ကို အနည်းဆုံး ၄၀၀၀၀ အထိမြှင့်တင်သင့်သည်ဟုလည်း ၎င်းကအကြံပြု သွားခဲ့သေးသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ နီးပါးကတည်းက တိုင်းပြည်၏ တရားသူကြီးအရေအတွက်ကို ၅ ဆအထိတိုးချဲ့ခန့်ထားသင့် ကြောင်း ကော်မရှင်တစ်ခုက အကြံပြုခဲ့ဖူးသော်လည်း လက်ရှိအချိန်ထိအကောင်အထည်ပေါ်ခဲ့ခြင်း မရှိချေ။

အိန္ဒိယသည် တရားစီရင်ရေးစနစ် အလွန်တရာနှေးကွေးသောတိုင်းပြည်အဖြစ် နာမည်ဆိုးနှင့်ကျော်ကြားသော နိုင်ငံများထဲတွင်တစ်နိုင်ငံဖြစ်ပြီး အမှုတစ်မှုလျှင် နှစ်ပေါင်းအတန်ကြာ ကြာမြင့်တတ်ပြီး တစ်ခါတစ်ရံ ဆယ်စုနှစ်နှင့်ပင်ချီ၍ကြာမြင့်တတ်သည်။

လက်ရှိအိန္ဒိယတရားသူကြီးများ ကိုင်တွယ်နေရသည့် နှုန်းနှင့်ဆိုပါက တိုင်းပြည်၏ ရာဇဝတ်မှုများချည်းသက်သက် အပြီးသတ် ကိုင်တွယ်ဖြေရှင်းရန်ပင် နှစ်ပေါင်း ၃၀ ခန့်ကြာမြင့်နိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်လျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly