ကရာချိ၊ ဧပြီ ၂၅ ။ ။ ပါကစ္စတန်နိုင်ငံ အလယ်ပိုင်းတွင် ခဲဖွယ်ချိုချဉ်စားရာမှ လူ ၂၃ ဦး အဆိပ်သင့်ကာ သေဆုံးကြောင်း ရဲက ပြောသည်။
ပန်ဂျပ်ပြည်နယ်အတွင်း လူတစ်ဦးက ၎င်း၏ သားမွေးနေ့ပွဲကျင်းပရာတွင် ကျွေးမွေးသည့် ခဲဖွယ်ချိုချဉ်များက အဆိပ်ဖြစ်နေကာ သေဆုံးကြရခြင်းဖြစ်သည်။
သေဆုံးသူ ၂၃ ဦးတွင် ထိုအမျိုးသားဖြစ်သူနှင့် ဆွေမျိုးသားချင်း ၁၁ ဦးတို့ ပါဝင်သည်။ ထိခိုက်နာကျင်မှု ခံစားရသူပေါင်းက ၇၇ ဦး ရှိသည်။ လက်ရှိတွင် လူငါးဦးအခြေအနေမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေဆဲဖြစ်သည်။
ယင်းအမှုနှင့် ပတ်သက်ကာ ဒေသရှိ ခဲဖွယ်ချိုချဉ် ရောင်းချရာ ဆိုင်ပိုင်ရှင်နှစ်ဦးနှင့် အလုပ်သမားတစ်ဦးတို့ကို ရဲက ဖမ်းဆီးထားပြီး အဆိပ်ပါဝင်ရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိသည်။
မုန့်ဆိုင်၏ အနောက်ဖက် စတိုးဆိုင်မှ အဆိပ်ဖြစ်စေသည့် ပစ္စည်းများက မတော်တဆမှု တစ်ခုခုဖြင့် မုန့်များတွင် ရောနှောသွားခြင်းဖြစ်နိုင်ကြောင်း တာဝန်ရှိသူများက သံသယဖြစ်သည်။
အဆိပ်ဓာတ်ပစ္စည်းတစ်ချို့ကို မုန့်ဆိုင်အတွင်း တွေ့ရှိကြောင်း ရဲက ပြောပြီးနောက် ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိနေသည်။