လွိုင်ကော်တွင် ၁၀ နှစ်အရွယ် မိန်းကလေးငယ်နှင့် အမျိုးသမီး လက်နက်ကြီးထိမှန်သေဆုံး

By ဂျူချန်း (မဇ္ဈိမ)
11 November 2023
လွိုင်ကော်တွင် ၁၀ နှစ်အရွယ် မိန်းကလေးငယ်နှင့် အမျိုးသမီး လက်နက်ကြီးထိမှန်သေဆုံး
ပုံအညွှန်း- သေဆုံးသူများ (KnHRG)

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တဦးနှင့် အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်နေ့ ည ၁၁ နာရီခွဲအချိန်တွင် လွိုင်လင်လေးအခြေစိုက် ခလရ(၅၃၀)က လက်နက်ကြီးပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့၊ လူနေရပ်ကွက်တခုထဲသို့ လက်နက်ကြီး လေးလုံး ကျရောက်ပေါက်ကွဲပြီး နေအိမ်အတွင်းရှိ အသက် ၁၀ နှစ်အရွယ် မမေသဥ္ဇာငြိမ်းသည် လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး နေအိမ်ငါးလုံး ပျက်စီးခဲ့ရကြောင်း သိရသည်။

နိုဝင်ဘာ ၉ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့နယ်၊ မထေားခူကျေးရွာသို့ လက်နက်ကြီး သုံးလုံး ကျရောက်ပေါက်ကွဲခဲ့ကာ ဒေါ်ဗျားမြာ (အသက် ၄၅ နှစ်)သည် လက်နက်ကြီးထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ရကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာ ၁၁ ရက်နေ့တွင် လွိုင်ကော်မြို့နယ် အနီးဝန်းကျင်၌ တိုက်ပွဲ ဖြစ်ပွားနေသော်လည်း အခင်းဖြစ်ပွားသည့် နိုဝင်ဘာ ၉ ရက်နေ့တွင်မူ မည်သည့်တိုက်ပွဲမျှ ဖြစ်ပွားခြင်းမရှိကြောင်း သိရသည်။

“တိုက်ပွဲဖြစ်ပွားခြင်းမရှိပါဘူး၊ သက်သက်ပစ်တာပါ။ ၉ ရက်နေ့တုန်းက ဘယ်နေရာမှ တိုက်ပွဲမဖြစ်ဘူး” ဟု KnHRG မှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် အောက်တိုဘ ၃၁ ရက်နေ့အထိ ကရင်နီပြည်နယ်အတွင်း အရပ်သား ၃၈၆ ဦးနှင့် စစ်ဘေးရှောင်နေစဉ် သေဆုံးခဲ့ရသည့် အရပ်သား ၁၄၇ ဦး ရှိကြောင်း တိုးတက်တက်သော ကရင်နီပြည်သူ့အင်အားစု( PKPF )၏ နိုဝင်ဘာ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#လွိုင်ကော်မြို့နယ်
#လွိုင်ကော်မြို့နယ်
#KnHRG

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly