မြောက်ဥက္ကလာတွင် ရတနာဆိုင်ပိုင်ရှင် အမျိုးသမီး သေနတ် ပစ်ခံရပြီး စိန်ရွှေများ အလုခံရ

မြောက်ဥက္ကလာတွင် ရတနာဆိုင်ပိုင်ရှင် အမျိုးသမီး သေနတ် ပစ်ခံရပြီး စိန်ရွှေများ အလုခံရ
ပုံအညွှန်း- လုယက်ခံရသူ အမျိုးသမီး လက်မောင်းတွင် ထိခိုက်ဒဏ်ရာရစဥ်(ဓာတ်ပုံ- ပေးပို့)

ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာမြို့နယ် (၁) ရပ်ကွက်တွင်  ခန့်မြတ်ချယ် စိန်ရွှေရတနာဆိုင်ပိုင်ရှင် မအေးသဇင်နွယ်သည်   သေနတ်ဖြင့် ပစ်ခတ်ခံရပြီး စိန်ရွှေရတနာ ပစ္စည်းများ အလုခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။ 

ယမန်နေ့  နိုဝင်ဘာလ (၁၀)ရက် ညနေ ၆နာရီဝန်းကျင်တွင် ထိုဆိုင်ပိုင်ရှင် အမျိုးသမီးသည်  ဈ/ဈေးမှ ဆိုင်သိမ်းပြီးအပြန်  သုမိတ္တာ ၂၂ လမ်းရှိ နေအိမ်ရှေ့အရောက်တွင် ဆိုင်ကယ်နှစ်စီးနှင့် လူသုံးယောက်က သေနတ်ဖြင့် ပစ်ခတ်ကာ ပစ္စည်းများ လုယူထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

‘’အခုတလော မြောက်ဥက္ကလာထဲမှာ စိန်၊ ရွေဆိုင်တွေ ခဏခဏ လုယက်ခံနေရတယ်။ သတိတော့ထား နေကြတာပဲ။ အခု အမဆိုရင်လည်း ကိုယ့်အိမ်ထဲ ကိုယ်ဝင်တဲ့အချိန်မှာ ဖြစ်သွားတာလေ။ ကိုယ့်နေအိမ်မှာတောင် စိတ်မချဘူး ဆိုတဲ့ သဘောဖြစ်နေတယ်။ လူကတော့ မသေဘူး။လက်မောင်းကိုထိသွားတယ်”’ဟု ဈ/ဈေးတွင် ဈေးရောင်းသူ တဦးက ပြောသည်။

လုယက်ခံရသည့် စိန်ရွှေပစ္စည်းတန်ဖိုးမှာ ကျပ်သိန်းသောင်းနှင့်ချီ တန်ကြေးရှိသည်ဟု မြို့ခံများက ပြောဆိုသော်လည်း မဇ္ဈိမအနေနှင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။ 

မြောက်ဥက္ကလာမြို့နယ်ထဲရှိ  (၁)ရပ်ကွက်နှင့် (၂)ရပ်ကွက် တွင် နေ့ခင်းဘက် လုယက်မှု၊ ဖောက်ထွင်းမှုများရှိနေပြီး ယနေ့တိုင် တစ်စုံတစ်ရာ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်းလည်း ဒေသခံများထံက သိရသည်။

“ အာဏာမသိမ်းခင်ကဆို တိုက်အောက်မှာ စက်ဘီး၊ ဆိုင်ကယ်ထား တခါမှ မပျောက်ဘူး။ အာဏာသိမ်းပြီးကတည်းက ကျွန်တော်ဆို စက်ဘီးဘက်ထရီနဲ့ နှစ်စီးပျောက်တယ်။  ပြိုင်ဘီး တစီးပျောက်တယ်။ ပျောက်လိုက် ဝယ်လိုက်နဲ့ပဲ ခဏခဏ ပျောက်တာ အခု ကျပ် ၆၀,၀၀၀ တန် စက်ဘီးအစုတ်ပဲစီးတော့တယ် ။  အဲ့ဒါတောင် အိမ်ပေါ်ထပ် ထမ်းတင်ပြီး သိမ်းထားရတယ်။ တိုက်အောက်ထား အခိုးခံရဦးမှာ ”ဟု   သုမိတ္တာ (၁) ရပ်ကွက် အထပ်မြင့်တိုက် ငါးလွှာတွင််နေထိုင်သူတဦးက ဆိုသည်။ 

ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ရက် နေ့ကလည်း  (၂)ရပ်ကွက် သုဇိတာ (၃)လမ်းထဲရှိ နေအိမ်တစ်လုံးနေခင်းဘက်ဖောက်ထွင်းခံရပြီး၊ ဩဂုတ်လ ၄ရက်ကလည်း (၂)ရပ်ကွက် သုမာလာ (၇)လမ်းတွင်နေ့ခင်းဘက်လျှပ်စစ်ဆိုင်တဆိုင်ကို ဓါးပြ တိုက်မှုဖြစ်ပွားကာ ရွှေငါးကျပ်သားနှင့် ပိုက်ဆံ ၈၉သိန်းနီးပါး ပါသွားခဲ့ကြောင်းသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#လုယက်ခံရ
#မြောက်ဥက္ကလာပမြို့နယ်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly