လွိုင်ကော်မြို့တွင် ကရင်နီပူးပေါင်းတပ်များ စစ်ဆင်ရေးစတင်

By ဂျူချန်း (မဇ္ဈိမ)
11 November 2023
လွိုင်ကော်မြို့တွင် ကရင်နီပူးပေါင်းတပ်များ စစ်ဆင်ရေးစတင်
ဓါတ်ပုံ- ခွန်ရီဒူး (ပုံဟောင်း)

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ကို ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်အစောပိုင်းတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) အပါအဝင် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်နေကြောင်း KNDF နှင့် ဒေသခံများထံမှ သိရသည်။

“လောလောဆယ်တော့ ကျနော်တို့ လွိုင်ကော်မြို့နဲ့ ပတ်ဝန်းကျင်ကို ကျနော်တို့ စစ်ဆင်ရေး စနေတာ ရှိပါတယ်။ အဲ့ဒါတွေပြီးရင်တော့ ကျနော်တို့ ပြန်ပြောပေးပါမယ်” ဟု KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

ယနေ့ နိုဝင်ဘာ ၁၁ ရက်နေ့ နံနက် ၄ နာရီခန့်မှစတင်ကာ လွိုင်ကော်မြို့စွန် ရပ်ကွက်များဖြစ်သည့် ထေးငှားလျား၊ ချိတ်ကယ် နှင့် ရေယိုကျေးရွာ စသည့် စစ်ကောင်စီတပ်သားများတပ်စွဲထားသည့် နေရာများတွင် ပစ်ခတ်သံများ ဆက်တိုက်ကြားနေရကြောင်း မြို့ခံများက ပြောသည်။

“မြို့စွန်လောက်ကျတယ်ဗျ။ (ထေးငှားလျားမှာ)ဂိတ်တွေ ရှိသလို ရုံးတွေလည်း ရှိတယ်။ ထောင်ရယ် ရဲချုပ်ရုံးခေါ်မလား ရှိမယ်။ ကျန်တာကတော့ ဂိတ်တွေနဲ့ ဝန်ကြီးအိမ်တွေရှိမယ်ဗျ။ မြို့က ကျဉ်းတော့တိုက်ပွဲဖြစ်ရင် အကုန်ကြားရတာပါဘဲ” ဟု လွိုင်ကော်မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

ယနေ့မှစတင်ကာ လွိုင်ကော်မြို့တွင် တိုက်ပွဲဖြစ်နေပြီး ပြည်သူများအနေဖြင့် ညဘက်တင်မက နေ့ခင်းဘက်တွင်လည်း အပြင်ထွက်သွားလာခြင်းမပြုရန် နှင့် အွန်လိုင်းပေါ်သို့ စစ်ရေးသတင်းအချက်အလက်များ တင်ခြင်းမလုပ်ဘဲ တိတ်ဆိတ်စွာနေခြင်းဖြင့် ကူညီပေးကြရန် KNDF စစ်ရေးချုပ် ခွန်ရီဒူးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

တိုက်ပွဲနောက်ဆက်တွဲအခြေအနေကို မဇ္ဈိမမှ ဆက်လက်စုံစမ်းဆဲ ဖြစ်သည်။

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ယမန်နေ့ နိုဝင်ဘာ ၁၀ ရက်နေ့နှင့် ယနေ့ နိုဝင်ဘာ ၁၁ ရက်နေ့တွင် နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက်နေ့တွင်လည်း မယ်စဲ့မြို့နယ်၊ ပန်တိန်းဒေသရှိ စစ်ကောင်စီတပ်၏ BGF ကာကင်းကုန်းစခန်း သုံးခုကို ကရင်နီပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း KnIC မှ သတင်းထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#လွိုင်ကော်မြို့
#KNDF
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly