နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၀ နိုဝင်ဘာ၂၀၂၃)

By မဇ္ဈိမ 
10 November 2023
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၀ နိုဝင်ဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ
•    စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့ (ခရိုင်ရုံးစိုက်ရာမြို့) သိမ်းတိုက်ပွဲအတွင်း အကြမ်း ဖက် စစ်တပ်က ၅၀ကျော်သေဆုံးခဲ့ပြီး စစ်သုံ့ပန်း ၂၀ကျော် လက်နက်ချအညံ့ခံခဲ့ကြောင်း အမှတ် (၁) စစ်ဒေသ၊ စစ်ဦးစီးရုံးက ထုတ်ပြန်သည်။
•    ပြည်သူ့နွေဦးတော်လှန်ရေးဟာ ဘယ်လောက်ထိအားကောင်းနေပြီး စစ်ကောင်စီအနေဖြင့် ဘယ်လောက် အထိ အင်အားချိနဲ့နေပြီလဲဆိုတာကို မျက်ဝါးထင်ထင်တွေ့ကြလိမ့်မည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့ အုပ်ချုပ် ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး(၃၆/၂၀၂၃)ကို နိုဝင်ဘာ ၉ ရက် မွန်းလွဲ ၃ နာရီမှာ ပြုလုပ်ခဲ့ကြသည်။
•    ရှမ်းပြည်မြောက်ပိုင်းက ကွမ်းလုံမြို့ကို  အပြီးသတ်အောင်မြင်စွာသိမ်းပိုက်လိုက်ပြီဟု MNDAA ထံက အတည်ပြုသတင်းရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေး ဝန်ကြီးဌာန က ယမန်နေ့က သတင်းထုတ်ပြန်လိုက်သည်။
•    စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့သိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်ဘက်မှ ၅၀ ဦးခန့် သေဆုံး၍ လက်နက်ချအညံ့ခံသူ စစ်သုံ့ပန်း ၂၁ ဦးရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီးဌာန(MOD)၊ အမှတ်(၁) စစ်ဒေသက နိုဝင်ဘာ ၉ ရက်နေ့ ညတွင် ထုတ်ပြန်သည်။
•    ကနေဒါအစိုးရအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုကာ ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်ရန် ကနေဒါလွှတ်တော်အမတ်လေးဦးက တောင်းဆိုလိုက်သည်။
တော်လှန်ရေး လှုပ်ရှားမှုများ
•    အကြမ်းဖက်စစ်တပ်က ယခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလအထိ ၁၀ လတာအတွင်း မြန်မာနိုင်ငံ တဝန်းက အရပ်သားတွေနေထိုင်ရာ နေအိမ် ၂၈၀၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Data for Myanmar က ထုတ်ပြန်လိုက်သည်။
•    အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ State Department ရုံးတွင် US State Department မှ တာဝန်ရှိသူများ၊ USAID မှ အရာရှိများနှင့် မြန်မာတိုင်းရင်းသား ခေါင်းဆောင်တချို့ နိုဝင်ဘာ ၁ ရက်နေ့၌ တွေ့ဆုံဆွေး‌‌နွေးခဲ့ကြကြောင်းသိရသည်။
•    မကွေးတိုင်း၊ ရေစကြိုမြို့ရှိ မြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ နိုဝင်ဘာလ ၁၀ ရက် နံနက် ၄နာရီခန့်တွင် တိုက်ခိုက်ကြောင်း သိရသည်။
•    မကွေးတိုင်း၊ ချောက်မြို့နယ်အခြေစိုက် Chauk Guerilla Force(C.G.F)အဖွဲ့က တစ်နှစ်အတွင်း မြို့ပေါ်နှင့် တောတွင်းတိုက်ပွဲ ၂၅ကြိမ်ထက်မနည်း ဖော်ဆောင်နိုင်ခဲ့ကြောင်း ယင်းအဖွဲ့၏ခေါင်း ဆောင် ဗိုလ်ပေတ၏ ပြောဆိုချက်ကို ကိုးကား၍ People's Spring သတင်းတွင် ဖော်ပြထားသည်။
•    ရှမ်းပြည်နယ်မြောက်ပိုင်း အပါအဝင် မြန်မာနိုင်ငံတဝန်း တိုက်ပွဲများ ပြင်းထန်နေချိန် စစ်ကောင်စီ တပ်က ပြုလုပ်မည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတွင် ပြည်သူများအနေဖြင့် ပါဝင်ဆင်နွှဲခြင်း မပြုကြ ရန် တောင်ကြီးဒေသခံများက တိုက်တွန်းသည်။
•    တိုက်ပွဲတွေပြင်းထန်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းက ဒေသများကို ခရီးမသွားကြရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံမှာရောက်နေသည့် သူ့နိုင်ငံသားများကို နိုဝင်ဘာလ ၉ ရက်နေ့ သတိပေးလိုက်သည်။
•    မန္တလေးတိုင်း၊ မြင်းခြံမြို့က နာမည်ကျော်အမျိုးသမီးပျူစောထီးခေါင်းဆောင် ဒေါ်သီတာယုမွန်နှင့် ပျူအဖွဲ့ စစ်ဆေးရေးလုပ်နေချိန် ဗုံးချတိုက်ခိုက်ခံရာ ၎င်းအပါအဝင် ပျူ ၄ ဦး ထိခိုက်မှုရှိကြောင်း နွားထိုးကြီး PDF မှတာဝန်ရှိသူကပြော သည်။
•    ရန်ကုန်မြို့တွင် တော်လှန်လူငယ်များက ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံသည့် အောင်သပြေလူထု လှုပ်ရှားမှုအကြိုအဖြစ် အခြေခံလူတန်းစားများအား အောင်သပြေပန်းများနှင့် အခြေခံစား သောက်ကုန်များ ယမန်နေ့က မျှဝေခဲ့ကြသည်။
•    ရန်ကုန်မြို့ တစ်နေရာတွင် ရေဘဝဲ (ပြည်သူ့အကျိူးပြု လူငယ်အဖွဲ့အစည်း)မှ ဦးဆောင်၍ (၁၁၁၁) နေ့အကြိုလှုပ်ရှားမှုအဖြစ် စယနေ့ (နိုဝင်ဘာ ၁၀) နံနက်က စာတန်းချိတ်ဆွဲခဲ့သည်။
•    ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေသည့် အတွက် လူပေါင်းငါးသောင်းခန့် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ရန်ကုန်မှာရှိသည့် ကုလသမဂ္ဂ လူသားချင်း စာနာမှူဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်သည်။
•    ကနီမြို့နယ်တွင် ချင်းတွင်းမြစ်ကြောင်းအတွင်းသစ်နှင့်  ဆီပေပါ များသယ်ဆောင်လာသော စစ်ကောင်စီ၏ တပ်ရေယာဉ်ခြောက် စီးကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက သိမ်းယူလိုက်သည်။
တိုင်းရင်းသား လက်နက်ကိုင်များ 
•    ရှမ်းပြည်မြောက်ပိုင်း၊ ကံမိုင်းဒေသက စစ်ရှောင်ပြည်သူတွေကို မြောက်ပိုင်း ညီနောင်မဟာမိတ်အဖွဲ့ ၏ ဒေသအုပ်ချုပ်ရေးအဖွဲ့တွေက နိုဝင်ဘာ ၉ရက်က ဆန်များကို စနစ်တကျ ထုတ်ဝေပေးခဲ့ ကြောင်း ကိုးကန့်တပ်မတော် MNDAAက ပြောသည်။
•    ပထမအကြိမ် အထူးစစ်ဆင်ရေးသင်တန်းကို အောင်မြင်စွာ ပြုလုပ်ပြီးမြောက်ခဲ့ကြောင်း ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ Chin State People’s Police Force (CSPPF) က ယမန်နေ့ နိုဝင်ဘာလ ၉ ရက်တွင် သတင်းထုတ်ပြန်သည်။
•    ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေစဉ် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ(၃၆၂) မှ စစ်သားတဦးသည် လက်နက်ချအလင်းဝင်လာသည်ဟု တအာင်းအမျိုးသားလွတ် မြောက်ရေး တပ်မတော် (TNLA) က သတင်းထုတ်ပြန်သည်။
•    ၁၀၂၇ စစ်ဆင်ရေး'သတင်းများ အသိပေးနေသည့် တအာင်း(TNLA)၊ ကိုးကန့်(MDAA)၊ ရက္ခိုင်(AA) ညီနောင်မဟာမိတ်သုံးဖွဲ့တို့၏ Facebook စာမျက်နှာ ရန်သူ့၏ တိုက်ခိုက်ထိုးနှက်မှု ကြုံနေရသည့် အပြင် အမည်ဆင်တူ Facebook စာမျက်နှာအချို့လည်း အချိန်ကိုက်ထွက်ပေါ်လာ ကြောင်း ညီနောင် မဟာမိတ် သုံးဖွဲ့က အသိပေးထုတ်ပြန်သည်။
•    
စစ်ကောင်စီ
•    ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၃ခုကို ရေပေးဝေနိုင်မည့် ရေဂါလံပေါင်း ၂သိန်းဆံ့ ရေစုကန်ကို သာကေတမြို့နယ် မှာတည်ဆောက်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကနေသိရသည်။
•    ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် UNHCR က နေပြည်တော်တွင် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။
•    ကိုးကန့်ဒေသတွင် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများအပါအဝင် နိုင်ငံခြားသား ၆၈၀၀ကျော်ကို နေရပ်ပြန်ပို့ထားကြောင်း အကြမ်းဖက်စစ်ကောင်စီမှ ထုတ်ပြန်သည်။
•    စက်ဘီးနှင့် မော်တော်ဆိုင်ကယ်တာယာများ ကျွတ်တွေကို ပြည်တွင်းမှာ မဖြစ်မနေ ထုတ်လုပ်ကြရန် တိုက်တွန်းကြောင်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
•    တိုက်ပွဲများကြောင့် ရပ်နားထားသည့် တရုတ်-မြန်မာ နှစ်နိုင်ငံ ဝင်ထွက်ခွင့်ကတ်များ ပြန်လည် ထုတ်ပေးနေကြောင်း စစ်ကောင်စီ လက်အောက်ခံ မီဒီယာများတွင် ဖော်ပြထားသည်။
နိုဝင်ဘာ ၁၀ ရက် သုံးသပ်ချက်
•    ရှမ်းမြောက်တွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်မှ ထိန်းချုပ်နိုင်ပြီဟု ပြောဆိုထားသော်လည်း လက်တွေ့ မှာတော့ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များ၏ ထိုးစစ်အရှိန်ကောင်းနေဆဲဖြစ်ပြီး စစ်ကောင်စီစခန်းများ တစ်ခုပြီးတစ်ခု အသိမ်းခံနေရဆဲဖြစ်သည်။
•    ရှမ်းမြောက်နှင့်စစ်ကိုင်းတွင် စစ်ကောင်စီတပ်များ အထိနာနေသော်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ပွဲများ တစ်ခုပြီးတစ်ခု တက်ကာ လူတတ်ကြီးလုပ်ကာ လိုက်ညွှန်ကြားနေသည်ဟု ဆိုရမည်ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly