ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဥ် တိုက်ခိုက်ခံရ

By ပါခွီး (မဇ္ဈိမ)
09 November 2023
ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဥ် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် အလုံမင်းဒေါင့်ဆိပ်ကမ်းမှ မြစ်ကြောင်းအတိုင်း အထက်သို့ဆန်တက်လာသည့် စစ်ကောင်စီရေယာဥ်နှစ်စီးကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား တဦးသေဆုံးခဲ့ကြောင်း chindwin Brothers အဖွဲ့က နိုဝင်ဘာလ ၉ရက် ယနေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သားများ တင်ဆောင်လာသော ရေယာဥ်နှစ်စီးသည် နိုဝင်ဘာလ ၇ရက် နံနက် ၁၀နာရီတွင် အလုံမင်းဒေါင့်ဆိပ်ကမ်းမှ ထွက်ခွာလာရာ ၁၁ နာရီ ၁၅မိနစ်အချိန် အလုံနှင့် ကနီမြို့နယ်အကြား၌ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ရေကြောင်းက မြစ်ဘေးက မောင်းတာဆိုတော့ မော်တော်က ဘေးကပ်မောင်းရတာ ၊ ရေယာဥ်ထိပ်ဦးမှာ ဖုန်းကြည့်ပြီးလိုက်လာတဲ့ စကစတယောက်မှန်ပြီးသေသွားတာကို မျက်မြင်တွေ့လိုက်ရတယ်” ဟု chindwin Brothers တာဝန်ရှိသူက မဇ္စျိမ ကို ပြောသည်။

ယင်းသို့တိုက်ခိုက်မှုကြောင့် ရေယာဥ်ပေါ်ရှိ စစ်ကောင်စီတပ်သားများမှလည်း လက်နက်ကြီးငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး MI-35 ရဟတ်ယာဥ်တစီးက စောင့်ကြည့်နေခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိကြောင်း ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို chindwin Brothers နှင့်အတူ Peacock Brother နှင့်ပူးပေါင်းတိုက်ခိုက််ခဲ့ပြီး စစ်ရေးအခြေအနေကြောင့် မြစ်ကိုကူး၍ စစ်ဆင်ရေးပြုလုပ်ခဲ့ရာတွင် ဒေသခံများကို ကြိုတင်အသိမပေးနိုင်ခဲ့ခြင်းကြောင့် တောင်းပန်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါရေယာဥ်နှစ်စီးမှာ ကနီမြို့နယ် ချင်းတွင်းမြစ်ဘေးတနေရာတွင် တော်လှန်ရေးမဟာမိတ်များက သိမ်းယူခဲ့သော သောင်တင်နေသည့် စစ်ကောင်စီတပ် ထောက်ပို့သင်္ဘောအုပ်စုရှိရာ သွားရောက်ခြင်းဖြစ်နိုင်ကြောင်း ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက သုံးသပ်ပြောဆိုသည်။

နိုဝင်ဘာလ ၉ရက် ယနေ့တွင် အဆိုပါရေယာဥ်နှစ်စီးမှာ ကနီမြို့နယ်ဖက်မှ အလုံ ဖက်သို့ ပြန်ဆုတ်လာကြောင်းသိရသည်။

ကနီမြို့နယ် ချင်းတွင်းမြစ်တနေရာတွင် သောင်တင်နေသော စစ်ကောင်စီတပ် ထောက်ပို့ရေယာဥ်ခုနစ်စီးမှ နှစ်စီးကို နိုဝင်ဘာ ၆ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းအဖွဲ့က တနာရီအကြာတိုက်ခိုက်ခဲ့ပြီး သိမ်းယူနိုင်ခဲ့ကြောင်း ကျောက်လုံးကြီး (KLG) က ထုတ်ပြန်ထားသည်။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima

#ချင်းတွင်းမြစ်

#ကနီမြို့နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly