မြန်မာမှ ထိုင်းနိုင်ငံသား ၂၀၀ ကျော် နေရပ်ပြန်ရေး စောင့်ဆိုင်းနေ 

မြန်မာမှ ထိုင်းနိုင်ငံသား ၂၀၀ ကျော် နေရပ်ပြန်ရေး စောင့်ဆိုင်းနေ 

မြန်မာ စစ်အာဏာသိမ်းအုပ်စုက ခွင့်ပြုသည့်အချိန် စစ်ပွဲဖြစ်ရာ ဧရိယာများမှ ထိုင်းနိုင်ငံသား ၂၀၀ ကျော် ထိုင်းနိုင်ငံသို့ ယခု သီတင်းပတ်၌ နေရပ်ပြန်လာမည်ဖြစ်ကြောင်း အမျိုးသား ရဲတပ်ဖွဲ့ ဒုတိယ အကြီးအကဲ ရဲချုပ် ဆူရာချာတီ ဟတ်ပန်က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။  

အာဏာသိမ်း စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်များကြား တိုက်ပွဲများ ဖြစ်ပွားသည့် ရှမ်းပြည်နယ်တွင် ထိုင်းနိုင်ငံသား ၁၆၂ ဦး ပိတ်မိနေပြီး အာဏာသိမ်းစစ်တပ်က လောက်ကိုင်ရှိ ဟိုတယ်တခုမှ ကယ်တင်ထားကာ စစ်စခန်းတခုတွင် ထားရှိထားသည်ဟု ၎င်းက ဆိုသည်။ 

သို့ရာတွင် အွန်လိုင်း လိမ်လည်မှုများ၌ ရိုက်နှက်ခံရ၍ ဒဏ်ရာရထားကြသော ထိုင်း ၇၄ ဦး၏ နေရပ်ပြန်ရေးမှာမူ အာဏာသိမ်းတပ်နှင့် အတိုက်အခံတပ်များကြား လက်နက်ကိုင် ပဋိပက္ခများကြောင့် လုပ်ငန်းစဉ် ရှုပ်ထွေးနိုင်ခြေ ရှိသည်ဟု ရဲချုပ် ဆူရာချာတီက ပြောသည်။ 

ထိုင်းနိုင်ငံသားများ ဘေးကင်းစွာ ပြန်လည်ရောက်ရှိရေးအတွက် မြန်မာ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူများနှင့် မိမိတို့ အာဏာပိုင်များက ဆွေးနွေးလျက် ရှိသည်ဟု သူက ပြောသည်။ 

သို့ရာတွင် မြန်မာဘက်က ခွင့်ပြုခဲ့ပါမှ ဒဏ်ရာရသူ ၇၄ ဦး အပါအဝင် ထိုင်းနိုင်ငံသား ၂၀၀ ကျော်က ယခု သီတင်းပတ်နှောင်းပိုင်း၌ နေရပ်ပြန်လာနိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောသည်။ 

နေရပ်ပြန်လာပို့ရေး သတ်မှတ်ထားသော နေရာသို့ ကိုယ်တိုင်သွားရောက်ပြီး ထိုင်းနိုင်ငံသားများကို ခေါ်ဆောင်လာမည်ဟု ရဲချုပ် ဆူရာချာတီက ပြောသည်။ 

ကယ်ဆယ်ခံရ‌သော ထိုင်းနိုင်ငံသား အများစုသည် ကိုယ်ပိုင်ဆန္ဒဖြင့် မြန်မာနိုင်ငံသို့ သွားရောက်ကာ တရားမဝင် အွန်လိုင်းလိမ်လည်မှု ဂိုဏ်းများ၌ အလုပ်လုပ်ကိုင်ကြခြင်း ဖြစ်ပြီး အချို့ကမူ လူကုန်ကူးသူများ၏ ဖြားယောင်းခံရကာ ယင်းလုပ်ငန်းများတွင် လုပ်ကိုင်နေရသူများ ဖြစ်သည်ဟု သူက ဆိုသည်။ 

ထို ထိုင်းနိုင်ငံသား စာရင်းကို စာရင်းကို လက်ခံရရှိထားပြီး ၎င်းတို့ နေရပ်ပြန်ရောက်ပါက အွန်လိုင်းလိမ်လည်မှုများ၌ ပါဝင်မှုဖြင့် စစ်ဆေးသွားမည်ဖြစ်ကာ ဖြားယောင်းခံရကာ လုပ်ကိုင်ကြရသူများကို ဥပဒေအရ လျော်ကြေးပေးသွားမည်ဟု ရဲချုပ် ဆူရာချာတီက ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly