နောင်ချိုမြို့အနီး စစ်ကောင်စီသံချပ်ကာကားကို TNLA၊ MDY PDF ဖျက်ဆီး

By ဂျူချန်း (မဇ္ဈိမ)
09 November 2023
နောင်ချိုမြို့အနီး စစ်ကောင်စီသံချပ်ကာကားကို TNLA၊ MDY PDF ဖျက်ဆီး
ဓါတ်ပုံ-PSLF/TNLA

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ အုမ္မခါးကျေးရွာအနီးတွင် စစ်ကောင်စီတပ်၏ သံချပ်ကာကား တစီးကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( MDY PDF )တို့မှ ဖျက်ဆီးနိုင်ခဲ့ကြောင်း TNLA မှ ယနေ့ နိုဝင်ဘာ ၉ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

နောင်ချိုမြို့နယ်မှ တိုက်ပွဲဖြစ်ပွားနေသည့် အုမ္မခါးကျေးရွာအနီးသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်၏ သံချပ်ကာကား သုံးစီးအနက် တစီးကို TNLA နှင့် MDY PDF တို့မှ နိုဝင်ဘာ ၈ ရက်နေ့ ည ၉နာရီ ခွဲအချိန်ခန့်တွင် ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး ကျန်နှစ်စီးသည် ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

“ သံချပ်ကာ သုံးစီးထဲက တစီးကတော့ ပျက်စီးပြီး ရပ်သွားတယ်လို့ သိရပါတယ်ဗျ” ဟု MDY PDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က မဇ္ဈိမကို ပြောသည်။

ပျက်စီးသွားသည့် စစ်ကောင်စီ၏ သံချပ်ကာကားကို ပူးပေါင်းတပ်မှ ရရှိထားပြီး လတ်တလောတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေသဖြင့် ပြန်လည်ပြင်ဆင်ပြီး အသုံးပြုရန် မဖြစ်နိုင်သေးကြောင်း TNLA ထံမှ သိရသည်။

“သုံးစီးလာတာ ​ရှေ့ဆုံးတစီးကို စတင်တိုက်ခိုက်လို့ ပျက်စီးသွားတယ် နှစ်စီးကတော့ ပြန်ဆုတ်သွားတယ်။ သူတို့ကတော့ (ပျက်ဆီးသွားသည့် သံချပ်ကာကားကို) ဘယ်ပြန်သယ်သွားနိုင်မတုန်း။ ရှိတဲ့နှစ်စီးတောင် ကမန်းကတန်း ပြန်ပြေးရတာ” ဟု TNLA တပ်ဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်နေ့တွင် ပြင်ဦးလွင်မှ နောင်ချိုမြို့သို့ ဦးတည်ထွက်ခွာလာသည့် သံချပ်ကာကားနှစ်စီးပါ စစ်ကောင်စီယာဉ်တန်းကို အုမ္မခါးကျေးရွာအနီးတွင် TNLA နှင့် MDY PDF တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ယာဉ်တန်းတွင်ပါဝင်သည့် သံချပ်ကာကားတစီး ပျက်စီးသွားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကာ ဒဏ်ရာရစစ်သုံ့ပန်းနှစ်ဦးကိုလည်း ဖမ်းဆီးရရှိခဲ့ကြောင်း MDY PDF ထံမှ သိရသည်။

နောင်ချိုမြို့နယ်၊ အုမ္မတီး၊ အုမ္မခါး လမ်းပိုင်းတွင် စစ်ဆင်ရေး ၁၀၂၇ စတင်ပြီးနောက် ယနေ့ နိုဝင်ဘာ ၉ ရက်နေ့အထိ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး ယင်းလမ်းပိုင်းအနီးတဝိုက်ရှိ ရေဝင်၊ အုမ္မတီး၊ အုမ္မခါး၊ ရေမောင်းတန်း၊ ရွှေညောင်ပင်၊သုံးဆယ်၊ ဆမ်ဆယ် စသည့် ကျေးရွာမှ ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကာ ယနေ့အထိ နေရပ်မပြန်နိုင်သေးကြောင်း ဒေသခံထံမှ သိရသည်။

“တိုက်ပွဲသံက နေ့တိုင်းကြားတယ်။ လေယာဉ်လည်း လာတယ်။ စစ်ရှောင်နေကြတဲ့ သူတွေတော့ ပြန်မရောက်ကြသေးဘူး” ဟု ဒေသခံတဦးက ပြောသည်။

စစ်ဆင်ရေး ၁၀၂၇ စတင်ပြီးနောက် MNDAA မှ သံချပ်ကာကား ခုနစ်စီး ကို သိမ်းဆည်းရရှိထားပြီး ညီနောင်သုံးဖွဲ့မှ စစ်ကောင်စီ၏ တပ်စခန်း ၁၂၅ ခုကို သိမ်းဆည်းရရှိထားကြောင်း နိုဝင်ဘာ ၈ ရက်နေ့ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#MNDAA
#နောင်ချိုမြို့နယ်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly