စစ်ကောင်စီတပ်များ ခံစစ်သေဖြင့်မခုခံရန်၊ ဘန်ကာများပုံဖျက်ထားရန် စစ်ရုံးချုပ်ညွှန်ကြား   

စစ်ကောင်စီတပ်များ ခံစစ်သေဖြင့်မခုခံရန်၊ ဘန်ကာများပုံဖျက်ထားရန် စစ်ရုံးချုပ်ညွှန်ကြား   

စစ်ကောင်စီတပ်များအနေဖြင့် စခန်းအတွင်းမှ ခံစစ်သေဖြင့် မခုခံရန်၊ ဒရုန်းနှင့်တိုက်ခိုက်ခံရမှုဝေးရန် ပုံဖျက်ခြင်းအပါအဝင် တန်ပြန်လုပ်ဆောင်သင့်သော စစ်နည်းဗျူဟာများကို တပ်အတွင်းထိပ်ပိုင်းအရာရှိများကိုဖြန့်ဝေနေသည်များကို မဇ္ဈိမက ကောက်နှုတ်တင်ပြလိုက်ရပါသည်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ Operation 1027 ကြောင့်  စစ်စခန်းများ အလွယ်တကူ လက်လွှတ်ရမှုဖြစ်ပေါ်လာပြီးနောက် နေပြည်တော် စစ်ရုံးချုပ်က မြေပြင်တပ်မှုးများအထိဖြန့်ဝေသော စစ်နည်းဗျူဟာအကြံပေး ညွှန်ကြားချက်ထုတ်ခဲ့ခြင်းသည်ဟု တပ်တွင်းသတင်းမြစ်တခုက မဇ္ဈိမကိုပြောသည်။ သီးခြားအတည်ပြုချက်ရယူနိုင်ခြင်းမရှိပါ။ 

အဆိုပါ ညွှန်ကြားချက်တွင် စစ်ကောင်စီတပ် စစ်စခန်းများ တိုက်ခိုက်မှုပုံစံကို သုံးသပ်ထားရာတွင် သိမ်းပိုက်မည့်အဖွဲ့သည် စစ်စခန်း၏ ဘန်ကာများကို အမြင့်မီတာ ၂၀၀၀ ကျော်ကပျံသန်းလာသော ဒရုန်းတွင်တပ်ဆင်လာသော Drop ဗုံးများဖြင့်ကြဲချကြောင်း၊ ဆက်သွယ်ရေးတူးမြောင်းများကို ဖြိုဖျက်ပစ်တတ်ကြသဖြင့် ဒရုန်းလှိုင်းဖြတ်စက် Jumper များအလှမ်းမမှီဖြစ်ရကြောင်း၊ ညကြည့်ပါသော အကဲကြည့် ဒရုန်းများကလည်း ပျံဝဲကာ ထောက်လှမ်းနေတတ်ကြောင်းပါရှိသည်။

ထိုသို့စစ်ဆင်မှုကို တန်ပြန်ရန်အတွက် အကြံပြုထားသည်မှာ တိုက်ခိုက်မှုခံရလျှင်ခံရခြင်း တယ်လီဖုန်းလိုင်းများကို ပိတ်ချပစ်ရန်နှင့် ဆက်သွယ်ရေးဆက် အိုင်ကွန်များကိုသာအသုံးပြုရန်၊ အိုင်ကွန်လိုင်းကိုလည်း မကြာခဏချိန်းရန်ပါရှိသည်။ ထို့အပြင် ထောက်လှမ်းရေးဒရုန်းက ဘန်ကာများမမြင်စေရန်နှင့်  ထိခိုက်မှုသက်သာစေရန် ဘန်ကာများအပေါ်တွင် သစ်ပင်တောအုပ်များဖန်တီးရန်နှင့် ကျောက်တုံးများဖုံးထားရန်အကြံပြုထားသည်။

ထို့အပြင် အင်အားနည်းသော စခန်းများမှတပ်များရုတ်သိမ်းပြီး စခန်းကြီးတွင် အင်အားစုစည်းတည်ဆောက်ရန်နှင့် စခန်းထဲကနေ ခံစစ်အသေဖြင့် မနေရန်မှာကြားထားသည်။ တပ်ဖွဲ့ငယ်များဖွဲ့ကာ စခန်းအပြင် မီတာ ၂၀၀၀ ခန့်အကွာအဝေးကို စေလွှတ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုပြုလာသောတပ်များကိုပြန်ဝိုင်းရန်လည်းပါရှိသည်။ ထို့အပြင် စခန်းအပြင်နှင့် ဘေးမှ ၁၂၀ မမအပါအဝင် လက်နက်ကြီးများဖြင့် ထိုးစစ်ဆင်လာသောဘက်သို့ စုပြုံပစ်ရန် ညွှန်ကြားထားသည်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မြောက်ပိုင်းမဟာမိတ်များ၏တိုက်ခိုက်မှုတွင် တရုတ်လုပ်ဒရုန်းများကို အဓိကထားအသုံးပြုသွားကြောင်းနှင့် Drop ဗုံးများသုံးသွားခဲ့သည်ဟု ယမန်နေ့ (နိုဝင်ဘာ ၈ ရက်နေ့) က နေပြည်တော်တွင်ပြုလုပ်သော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးတွင် တင်ပြသွားခဲ့သည်။

သူ၏တင်ပြချက်တွင် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖော်အပြင် KIA နှင့် PDF များကိုပါ ထိုးစစ်ဆင်သည့်အဖွဲ့များစာရင်းတွင်ထဲ့ပြောခဲ့ပြီး MNDAA နှင့် TNLA တို့က အဓိကဖြစ်သည်ဟု ပါရှိသည်။

MNDAA (ကိုးကန့်)၊ TNLA (တအာင်း)နှင့် AA (ရက္ခိုင်) သုံးဖွဲ့က စစ်ဆင်ရေး ၁၀၂၇ ကိုစတင်ကြောင်း အောက်တိုဘာ ၂၇ ရက်နေ့က ကြေညာအပြီး နိုဝင်ဘာ ၇ ရက်အထိ ၁၂ ရက်နေ့မြောက်တွင်  လုံးဝထိန်းချုပ်နိုင်သည့်မြို့ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ မုံးကိုးနှင့် နမ့်ခန်းမြို့များကို လုံး၀ထိန်းချုပ်ထားနိုင်ပြီဟု ကြေညာခဲ့သည်။ စစ်ကောင်စီတပ်ဘက်ကတော့ အစောပိုင်း ဝန်ခံမှုတွင် ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် ကြူကုတ် (ပန်ဆိုင်း) ကိုလက်လွှတ်လိုက်ရကြောင်းပါရှိသည်။ မြောက်ပိုင်းညီနောင်များက သိန္နီ၊ ကွမ်းလုံ၊ ကြူကုတ် (ပန်ဆိုင်း) တို့ကို ထိန်းထားနိုင်ပြီး စခန်းကြီးငယ်အရေအတွက် ၁၅၀ ကျော်ကို သိမ်းဆည်းရမိခဲ့သည်ဟု ကြေညာထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly