ဖားကန့်ဒေသရှိ စစ်တပ်စခန်း ၃ ခုကို ကေအိုင်အေ တိုက်ခိုက်သိမ်းပိုက်

By အဂမ် (မဇ္ဈိမ)
09 November 2023
ဖားကန့်ဒေသရှိ စစ်တပ်စခန်း ၃ ခုကို ကေအိုင်အေ တိုက်ခိုက်သိမ်းပိုက်

ကချင်ပြည်နယ်၊ ဖားကန့်ဒေသ ဆယ်ဇင်းဘက်ရှိ စစ်တပ်စခန်း သုံးခုကို ကချင်လွတ်လပ်ရေးတပ်မတော်( KIA )က တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကေအိုင်အေ ရှေ့တန်းသတင်းရင်းမြစ်များက ဆိုသည်။

နိုဝင်ဘာလ ၇ ရက်နေ့မှာ ကေအိုင်အေနှင့် စစ်တပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွား ပြင်းထန်လာပြီး နိုဝင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းမှာ ကေအိုင်အေဘက်က သိမ်းယူလိုက်နိုင်တာဖြစ်တယ်လို့ ဆိုသည်။

" ဟုတ်တယ် ၊ ဒီဘက်က သူတို့ရဲ့ ရှေ့တန်းကျတဲ့စခန်းတွေကို သိမ်းလိုက်တာဟုတ်တယ်။ ဒီတိုက်ပွဲတွေမှာ တပ်ဘက်ကနဲ့ ရှမ်း (SNA) ဘက်က ထိခိုက်သေဆုံးတာ များတယ်။ ကျနော်တို့ဘက်ကလည်း ပေးဆပ်ရတာရှိတယ် ။ ခုထိတော့ အဲ့လိုပဲ သိထားပေးပါဦး " ဟု ကေအိုင်အေရှေ့တန်း သတင်းရင်းမြစ်က ကနဦး အတည်ပြုပြောသည်။

ဖားကန့်မြို့နယ်  KIA တပ်ရင်း (၂၆ )ဆယ်ဇင်းကျေးရွာဘက်မှာရှိသည့် စစ်တပ်စခန်း သုံးနေရာကို ကေအိုင်အေ ဦးဆောင်သည့် ပြည်သူကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး၊ သိမ်းပိုက်လိုက်သည့် စစ်တပ်စခန်းက သံယောဇဉ်စခန်းကုန်းဟု လူသိများသည့် စစ်တပ်ရှေ့တန်း စခန်းကုန်းတခုဖြစ်ကာ ကျန်စခန်း နှစ်ခု၏အမည်ကို မဇ္ဓျိမ၏ မြေပြင်သတင်းအဖွဲ့က စုံစမ်းနေဆဲဖြစ်သည်။

လက်ရှိချိန်ထိ နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်နေဆဲဖြစ်သလို ၊ ဆယ်ဇင်းနဲ့နယ်နိမိတ်ချင်းထိစပ်နေသည့် ဟုမ္မလင်းဘက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ယနေ့တွင်လည်း စစ်ကိုင်း- ကချင်အစပ်တွေဖြစ်သော ဗန်းမောက် ၊ ထီးချိုင့်၊ အင်းတော်နယ်တွေမှာ စစ်တပ်နှင့် တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဖားကန့်ဒေသ
#KIA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly