မြောက်ပိုင်းသုံးဖွဲ့ စစ်ဆင်ရေးကိစ္စ ကာလုံအစည်းအဝေးခေါ်

By Spring
09 November 2023
မြောက်ပိုင်းသုံးဖွဲ့ စစ်ဆင်ရေးကိစ္စ ကာလုံအစည်းအဝေးခေါ်

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ် - မြန်မာနယ်စပ်တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ (၃)ဖွဲ့နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီး မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေက ချင်းရွှေဟော်၊ ကြူကုတ်နှင့် ဖေါင်းဆိုင် မြို့ (၃) မြို့ကိုထိန်းချုပ်ထားပြီး နယ်မြေလုံခြုံရေးစခန်း အချို့ကိုလည်း တိုက်ခိုက် ထားတာဖြစ်ပါတယ်။

လက်ရှိအချိန်ထိ MNDAA ကိုးကန့်တပ်နဲ့ ရက္ခိုင့် တပ်တော် (AA) နှစ်ခုပေါင်းအနေနဲ့ စစ်ကောင်စီရဲ့တပ်စခန်းအကြီးအသေး စုစုပေါင်း (၁၂၅) ခုကို သိမ်းထားတယ်လို့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဘက်ကတော့ တိုက်ပွဲနောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီး တစုံတရာတုံ့ပြန် ပြောဆိုတာမျိုးမရှိသေးပေမယ့် ရှမ်းမြောက်တိုက်ပွဲတွေ စတင်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နိုဝင်ဘာ (၈) ရက် မနက်ပိုင်းက ‘ကာလုံ’ လို့ အတိုကောက် ခေါ် ကြတဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို နိုဝင်ဘာ (၈) ရက်နေ့မှာ ခေါ်ယူကျင်းပခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တိုင်းပြည်အစိတ်စိတ်အမွှာမွှာ ကွဲသွားနိုင်တယ်လို့ စစ်ကောင်စီရဲ့ ယာယီသမ္မတ ဦးမြင့်ဆွေက ပြောခဲ့ပါတယ်။

လက်ရှိ အခြေအနေကို စနစ်တကျ ကိုင်တွယ်သွားဖို့လိုအပ်ပြီး ဒီအချိန်မှာ တစ်နိုင်ငံလုံးက စစ်တပ်ကို ထောက်ခံအကူအညီပေးဖို့လည်း ဦးမြင့်ဆွေက တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

ကာလုံအစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လတ်တလောဖြစ်နေတဲ့ တိုက်ပွဲတွေဟာ MNDAA က လောက်ကိုင်ဒေသမှာ အာဏာပြန်လည်တည်ဆောက်နိုင်ဖို့၊ TNLA က ပလောင်ပြည်နယ်ရရှိဖို့ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် နယ်မြေတည်ငြိမ်ဖို့အတွက် လိုအပ်တဲ့ တုံ့ပြန်မှုတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။

နယ်စပ်ကုန်သွယ်ရေးမှာ အဓိကကျတဲ့ ချင်းရွှေဟော်ကို MNDAA နဲ့ TNLA အဖွဲ့တွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာဟာ မြန်မာနဲ့ တရုတ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေသလို နယ်စပ်ဒေသဖြစ်လို့ စစ်ဆင်ရေးကို ကန့်သတ်ထိန်းသိမ်း ဆောင်ရွက်နေရတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။

MNDAAနဲ့ အတူ KIA ၊ TNLA ၊ AA နဲ့ PDF အဖွဲ့တွေ ပူးပေါင်းပါဝင်တိုက်ခိုက်နေကြပြီး Drone တွေနဲ့ Drop Bomb တွေအများအပြားအသုံးပြု တိုက်ခိုက်ခဲ့ကြောင်း၊ ဒရုန်းတွေဟာ ဈေးကွက်မှာ လွယ်ကူစွာဝယ်ယူလို့ရတဲ့ တရုတ်နိုင်ငံထုတ် ဒရုန်းတွေ ဖြစ်ကြောင်းနဲ့ ရှမ်းမြောက်တိုက်ပွဲဖြစ်ချိန်မှာ ပွဲလန့်တုန်းဖျာခင်းတဲ့ အနေနဲ့ စစ်ကိုင်းတိုင်းရှိ နေရာတချို့ကို PDF တွေက ဝင်ရောက်တိုက်ခိုက်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

နိုင်ငံရေးလေ့လာသူတွေကတော့ ကာလုံအစည်းအဝေးဟာ တရားမဝင်ကြောင်းနဲ့ ပြည်သူတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကြား သွေးခွဲဖို့ ကြိုးစားတာသာဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

MNDAA၊ TNLA နဲ့ AA ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ ပူးပေါင်းတပ်တွေက အောက်တိုဘာ ၂၇ ရက် စတင်ပြီး ၁၀၂၇ စစ်ဆင်ရေး ဆောင်ရွက်ခဲ့ရာမှာ နိုဝင်ဘာ ၇ ရက်အထိ ၁၂ ရက်မြောက်နေ့မှာ ကိုးကန့်၊ မုံးကိုး ၊ ကွတ်ခိုင်စတဲ့နေရာတွေမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မုံးကိုးမြို့နယ်ရဲ့ အုပ်ချုပ်ရေးကိုလည်း ပြန်လည်ထူထောင်နိုင်ခဲ့ကာ မူလအထူး ဒေသ (၁) ရဲ့ နယ်မြေတချို့ကို ပြန်လည်ရယူနိုင်ခဲ့တယ်လို့ ကိုးကန့်သတင်းမှာ ဖော်ပြပါတယ်။

#politicalnews

#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly