မြောက်ပိုင်းတိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာရမှုနဲ့ ထိခိုက်သေဆုံးမှုတွေအတွက် ကုလစိုးရိမ်

By Spring
09 November 2023
မြောက်ပိုင်းတိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာရမှုနဲ့ ထိခိုက်သေဆုံးမှုတွေအတွက် ကုလစိုးရိမ်

မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပြီး၊ အရပ်သားသေကျေ ထိခိုက်မှုတွေနဲ့ ခန့်မှန်းခြေ လူပေါင်း ၃ သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့အတွက် စိုးရိမ်ကြောင်း ကုလသမဂ္ဂ ပြောလိုက်ပါတယ်။

“အရပ်သား သေဆုံးမှုတွေရှိခဲ့ပြီး ထောင်နဲ့ချီတဲ့ပြည်သူတွေ အိုးအိမ်စွန့်ခွာမှုဖြစ်စေတဲ့ လေကြောင်းတိုက် ခိုက်မှု သတင်းတွေနဲ့အတူ မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်က ပြင်းထန်တဲ့တိုက်ပွဲတွေက ကျွန်တော်တို့ကို အထိတ်တလန့်ဖြစ်စေပါတယ်” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖန်ဒူဂျာရစ်က ပြောပါတယ်။

အရပ်သားတွေကို ကာကွယ်ပေးသင့်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ထပ်လောင်းအတည်ပြုကြောင်း ၊လူသားချင်းစာနာမှုအကူအညီကို အဟန့်အတားမရှိ ခွင့်ပြုပေးဖို့ လိုအပ်ကြောင်း ၎င်းက တောင်းဆိုခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အဆိုအရ အောက်တိုဘာလ ၂၆ ရက်နေ့ကစ အမျိုးသမီး၊ အမျိုးသားနဲ့ ကလေးတွေ ပါဝင်တဲ့ ၄၀၀၀၀ နီးပါး နေရပ်စွန့်ခွာခဲ့ကြရတယ်လို့လည်းဆိုထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဖြစ်ကြတဲ့ တအောင်းပလောင် TNLA ကိုးကန့် MNDAA နဲ့ AA ရက္ခိုင်တပ်ဖွဲ့တွေ ပြီးခဲ့တဲ့ သီတင်းတပတ်ကျော်က စတင်ခဲ့ရာက ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်မှုတွေဟာ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ကို ဖြုတ်ချဖို့နဲ့ စစ်ကောင်စီက ကာကွယ်ပေးထားတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ပစ်မှတ်ထားဖို့ဖြစ်တယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ပူးတွဲထုတ်ပြန်ချက်တစ်ခု အတွင်း ပြောပါတယ်။

နယ်စပ်တစ်လျှောက် တည်ငြိမ်မှုထိန်းသိမ်းရေး ပူးပေါင်းဆောင်ရွက်ဖို့ တရုတ် အကြီးတန်းသံတမန်တစ် ဉီးက မြန်မာနိုင်ငံကို တိုက်တွန်းခဲ့ပါတယ်။

တရုတ် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Nong Rong ဟာ နိုဝင်ဘာလ ၃ ရက်မှ ၅ ရက်အထိ မြန် မာနိုင်ငံသို့ သွားရောက်ကာ တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီ အကြီးတန်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ တယ်လို့ တရုတ်နိုင်ငံက ပြောပါတယ်။

မကြာသေးမီက စတင်ခဲ့တဲ့ တိုက်ခိုက်မှုတွေဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ ရင်ဆိုင်ခဲ့ရတဲ့ အကြီးမားဆုံး စစ်ရေးစိန်ခေါ်မှုဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

တချိန်တည်းမှာပဲ ကချင်ပြည်နယ်မှာ KIA တပ်ဖွဲ့တွေ ကရင်ပြည်နယ်မှာ KNU တပ်ဖွဲ့တွေနဲ့လည်း စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်း စတဲ့ ဒေသတွေမှာလည်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ခိုက်မှုတွေ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။

#politicalnews

#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly