ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတွေက ၁၁၀၇ စစ်ဆင်ရေးကို စတင်

By Spring
09 November 2023
ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတွေက ၁၁၀၇ စစ်ဆင်ရေးကို စတင်

ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတွေက နိုဝင်ဘာ ၇ ရက်မှာ ၁၁၀၇ စစ်ဆင်ရေးကို စတင်လိုက်ပြီး ကရင်နီပြည်နယ် မယ်စဲ့မြို့နယ် ပန်တိန်းကျေးရွာမှာ ရှိတဲ့ စစ်ကောင်စီရဲ့ BGF စခန်း ၃ခုကို တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။ 

ဒါဟာ ရှမ်းပြည်မြောက်ပိုင်းက ညီနောင် ၃ဖွဲ့ ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေး ကို ကြိုဆိုပံ့ပိုး ဖို့ ဖြစ်ကြောင်းလည်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ပြောပါတယ်။ 

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်၊ ပန်တိန်းကျေးရွာအနီးရှိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) စခန်းအပြင်ဘက်ရှိ စစ်ကောင်စီစခန်း နှစ်ခုကို နိုဝင်ဘာ ၇ ရက်နေ့၊ နံနက်ပိုင်းအချိန်က ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက စခန်းသိမ်း တိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားရရှိခဲ့ကြောင်း သိရပါတယ်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ် ပြုလုပ်ခဲ့ ကြောင်း သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)၊ ကရင်နီတပ်မတော် (KA)၊ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(KNPLF)၊ ပြည်သူ့ ကာကွယ်ရေး တပ်မတော်(PDF) တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

မယ်စဲ့မြို့နယ်အတွင်း ဖော်ဆောင်ခဲ့သည့် အဆိုပါ စခန်းသိမ်းတိုက်ခိုက်မှုကို ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)က "၁၁၀၇ စစ်ဆင်ရေး" လို့ အမည်ပေးထားကြောင်း သိရပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ ညီနောင် ၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ တချိန်တည်းမှာပဲ စစ်ကိုင်းတိုင်း အပါအဝင် နေရာ အတော်များများမှာ စစ်ကောင်စီကို တော်လှန်နေတဲ့ အဖွဲ့တွေက အဖက်ဖက်ကို ပိတ်ဆို့ ပြီး စစ်ဆင်ရေးတွေ လုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။

 ပြီးခဲ့ ဇွန်လ ၁၃ ရက်နေ့တုန်းက မယ်စဲ့မြို့နယ်မှာ စခန်းသိမ်းတိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် ခုချိန်ထိ ကြိုကြားကြိုကြား နှစ်ဖက် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။ 
အလားတူ ဖရူဆို-ဒီးမော့ဆိုကြားက ငွေတောင်ရွာသစ်မှာလည်း အောက်တိုဘာ ၃၁ ရက်နေကနေ နိုဝင်ဘာ ၆ ရက်အထိ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

စစ်ကောင်စီတပ်တွေဟာ လက်နက်အင်အား လူအင်အားအမြောက်အများ အသုံးပြုပြီး ပြည်ထောင်စု လမ်းမကြီးတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF) ဗဟိုပြန်ကြားရေးတာဝန်ရှိသူက ပြောကြားထားပါတယ်။ 

#politicalnews
#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly