တော်လှန်ရေးအဖွဲ့များနှင့်လက်တွဲပြီး ဟန်ချက်ညီပူးတွဲစစ်ဆင်ရေးများက်ို တနိုင်ငံလုံးအနှံ့ ဆင်နွှဲမည်ဟု ၁၀၂၇ စစ်ဆင်ရေး ၁၃ရက်မြောက်နေ့ဖြစ်သည့် ယမန်နေ့ နိုဝင်ဘာလ ၈ရက်တွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထုတ်ပြန်အသိပေးသည်။
" နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာပြီး မိမိတို့စစ်ဆင်ရေးကို ဝန်းရံပေးကြသော တော်လှန်ရေးအဖွဲ့အစည်းများ၊ မိမိတို့ စစ်ဆင်ရေးနှင့် ဟန်ချက်ညီလှုပ်ရှားလာကြသော အဖွဲ့အစည်းများနှင့်လည်း စစ်ဆင်ရေးကို ယခုထက် ပိုမိုထိရောက်စေရန် ဟန်ချက်ညီညီ လုပ်ဆောင်သွားမည်" ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
၁၀၂၇ စစ်ဆင်ရေးကို အထောက်အကူဖြစ်စေရန်အတွက် ၁၁၀၇ စစ်ဆင်ရေးအမည်ဖြင့် ကရင်နီပြည်နယ်အတွင်း စစ်ဆင်ရေးစတင်လိုက်သော ကရင်နီအမျိုးသားများကာကွယ်ရေးတပ် -KNDF အပြင် အခြားသော တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများနှင့်လည်း ဟန်ချက်ညီပူးတွဲ စစ်ဆင်ရေးများကို တနိုင်ငံလုံးအနှံ့ မကြာမီ ဆင်နွှဲသွားမည်ဟု ထုတ်ပြန်သည်။
ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၁၁၀၇ စစ်ဆင်ရေးအမည်ဖြင့် နိုဝင်ဘာလ ၇ ရက်က တိုက်ခိုက်မှုတွင် ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ် ပန်တိန်းကျေးရွာရှိ စစ်ကောင်စီစခန်းသုံးခုကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သား ၂၀ ဦးထက်မနည်းသေဆုံးကာ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
၁၀၂၇ စစ်ဆင်ရေးကာလ ၁၃ ရက်အတွင်း ရှမ်းမြောက်ဒေသမှ စစ်စခန်း ၁၅၀ ထက်မနည်းကို သိမ်းပိုက်ရရှိထားပြီး ထိန်းချုပ်ထားသည့် မြို့များကိုလည်း အုပ်ချုပ်ရေး အစားထိုးနိုင်ရန် ဆောင်ရွက်နေကြောင်း၊ စစ်ကောင်စီ၏ တစ်ခုတည်းသော လုပ်နိုင်စွမ်းဖြစ်သည့် လေကြောင်းနှင့် လက်နက်ကြီးများဖြင့် အကြိမ်ကြိမ်ပစ်ခတ်တိုက်ခိုက်မှုကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး စစ်ရေး ရည်မှန်းချက်ပစ်မှတ်များနှင့် စစ်ရေးအရှိန်အဟုန်ကို တဖြည်းဖြည်း မြှင့်တင်နေသည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထုတ်ပြန်သည်။
၁၀၂၇ စစ်ဆင်ရေးကို မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က အောက်တိုဘာလ ၂၇ ရက် နံနက်တွင် စတင်ခဲ့ခြင်းဖြစ်သည်။
စာတည်း - အေးချမ်း
#Mizzima
#ဟန်ချက်ညီပူးတွဲစစ်ဆင်ရေးများ
#တနိုင်ငံလုံးအနှံ့ဆင်နွှဲမည်
#မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့