နတ်မောက်မြို့နယ် စိုင်ကောင်းရဲစခန်းကို တော်လှန်ရေးအင်အားစု တိုက်ခိုက်

By ရောင်နီ (မဇ္ဈိမ)
08 November 2023
နတ်မောက်မြို့နယ် စိုင်ကောင်းရဲစခန်းကို တော်လှန်ရေးအင်အားစု တိုက်ခိုက်
ပုံအညွှန်း - နတ်မောက်မြို့အ၀င်ဆိုင်းဘုတ်မြင်ကွင်း။ (ပုံ - လူမှုကွန်ရက်)

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ရှိ စိုင်ကောင်းရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း  အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေးအင်အားစု(OPRF-PLA)မှ တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။ 

မန္တလေးတိုင်းနှင့် မကွေးတိုင်းအစပ် နတ်မောက်-ပျော်ဘွယ်လမ်းပေါ်ရှိ စိုင်ကောင်းကျေးရွာ ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့က နိုဝင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ရန်သူအလစ်အငိုက်ကိုယူပြီး ပြောက်ကျားစစ်တိုက်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ စပစ်ပစ်ချင်းပဲ သူတို့ ဘက်က ချက်ချင်းပြန်ပစ်တော့ အပြန်အလှန်ပစ်ခတ်တာမျိုးတွေရှိခဲ့ပါတယ်။ စခန်းအ၀ ဘန်ကာထဲကနေ ကျွန်တော်တို့ကိုပြန်ပစ်တာ အချက် ၅၀ နဲ့ ၁၀၀ ကြားရှိပါတယ်” ဟု OPRF-PLA တပ်ဖွဲ့မှ တာ၀န်ရှိသူက မဇ္စျိမကို ပြောသည်။ 

စိုင်ကောင်းရဲစခန်းအား တိုက်ခိုက်မှုတွင် ထိခိုက်ကျဆုံးမှုအခြေအနေကို အသေးစိတ်မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။ 

“အထိအခိုက် အတိအကျမသိရသေးပါဘူး။ စခန်းဝင်းအတွင်းဖြစ်တာဆိုတော့ ပြည်သူကလည်း မမေးရဲ ဘူး” ဟု OPRF-PLA တပ်ဖွဲ့ တာ၀န်ရှိသူကဆိုသည်။

တိုက်ခိုက်မှုအတွင်း ရဲစခန်းဘန်ကာအတွင်းမှ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ အနေ ဖြင့် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

စိုင်ကောင်းရဲစခန်း တိုက်ခိုက်ခံရမှုကို ဒေသခံများကလည်း အတည်ပြုပြီး အထိအခိုက်ကိုမသိရှိရသေး ကြောင်း မဇ္စျိမကို ပြောကြားသည်။

“ပစ်ခတ်ခံရတာဟုတ်ပါတယ်၊ အထိအခိုက်တော့ မကြားသေးဘူး” ဟု နတ်မောက်ဒေသခံတဦးက ပြော သည်။

စိုင်ကောင်းကျေးရွာသည်  ရန်ကုန်-မန္တလေး အမြန်လမ်းနှင့်သုံးမိုင်ခန့်အကွာတွင်တည်ရှိပြီး ကျေးရွာကြီး တရွာဖြစ်ကြောင်း ဒေသခံများကဆိုသည်။

စိုင်ကောင်းကျေးရွာရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ယနေ့ နိုဝင်ဘာ ၈ ရက်တွင် စစ်ကောင်စီတပ်က ပျော်ဘွယ်-နတ်မောက်လမ်းကိုပိတ်ဆို့ကာ တင်းကျပ်စစ်ဆေးနေကြောင်း ဒေသခံများထံမှ သိရသည်။ 

အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု (OPRF-PLA) အနေဖြင့် နတ်မောက်မြို့နယ် စိုင်ကောင်းရဲစခန်း ကို ယခင်ကလည်း တိုက်ခိုက်ခဲ့ဖူးပြီး ယခုတိုက်ခိုက်မှုသည် ၂၀၂၃ ခုနှစ်အတွင်း တတိယအကြိမ် တိုက် ခိုက်မှုဖြစ်သည်။

စာတည်း။ ။စောဖေ
#မကွေးတိုင်း
#စိုင်းကောင်းရဲစခန်း
#တော်လှန်ရေးအင်အားစု
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly