မြန်မာစစ်တပ်ကို ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှု အသစ်တွေချမှတ်ဖို့ ဩစတြေးလျအစိုးရကို အရပ်ဘက် အဖွဲ့အစည်းလေးရာကျော်က တောင်းဆိုလိုက်ပါတယ်။
ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Penny Wong ကို အရပ်ဘက် အဖွဲ့တွေက နိုဝင်ဘာ ၂ ရက်နေ့က အိတ်ဖွင့် စာပေးပို့ တောင်းဆိုလိုက်တာလို့ Myanmar Campaign Network က ထုတ်ပြန်ပါတယ်။
အမေရိကန်၊ ယူကေနဲ့ ကနေဒါနိုင်ငံတို့က အကြမ်းဖက်စစ်တပ်ကို ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်ပြီးနောက် အလုပ်သမားသမဂ္ဂများ၊ NGOများ၊ လူ့အခွင့်အရေးအဖွဲ့များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းများနဲ့ ယုံကြည်ကိုးကွယ်မှုအခြေခံတဲ့ အဖွဲ့အစည်းများ အပါအဝင် အရပ်ဘက်အဖွဲ့ ပေါင်း ၄၁၄ ဖွဲ့ကျော်တို့နဲ့အတူ Myanmar Campaign Network က မြန်မာစစ်တပ်အပေါ် သြစတြေးလျမှ ပိတ်ဆို့အရေးယူမှုများ တိုးမြှင့်ဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုလိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို မျက်ကွယ်ပြုပြီး သြစတြေးလျက ရင်းနှီးမြှုပ်နှံသူတွေဟာ စီးပွားရေး လုပ်နေတာကြောင့် မြန်မာစစ်တပ်နဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ကူညီပေးနေကြောင်း Transparency International Australia ရဲ့ CEO Clancy Moore က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ဒါကြောင့် အမေရိကန်၊ ကနေဒါနဲ့ ယူကေတို့က ပိတ်ဆို့အရေးယူတာတွေလုပ်နေသလို သြစတြေးလျနိုင်ငံကလည်း လုပ်ရမှာဖြစ်ပြီး မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မြန်မာ့သတ္တုတွင်းလုပ်ငန်း (၁) နဲ့ (၂) တို့ကို ပိတ်ဆို့အရေးယူပေးဖို့ တောင်းဆိုထားပါတယ်။
နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေ၊ ဘဏ်တွေ၊ လက်နက်ထုတ်လုပ်သူတွေ၊ လေကြောင်းထောက်ပံ့ရေး ကွင်းဆက်တွေ၊ စစ်ခေါင်းဆောင်တွေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အပါအဝင် ထိပ်သီးပစ်မှတ်တွေကို အရေးယူ ပေးဖို့ အရပ်ဘက်အဖွဲ့တွေက တောင်းဆိုထားပါတယ်။
သြစတြေးလျအစိုးရက ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာ လူပုဂ္ဂိုလ် ၁၆ ဦးနဲ့ အဖွဲ့အစည်း ၂ ခုအပေါ် ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုများကို အကောင်အထည်ဖော်ခဲ့ပေမယ့်လည်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုရဲ့ ၂ ရာခိုင်နှုန်းမျှ သာဖြစ်ကြောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ သတ္တုတွင်း၊ သစ်လုပ်ငန်း၊ ပုလဲနဲ့ကျောက်မျက်ကဲ့သို့သော အဓိကကဏ္ဍတွေမှာပါဝင်တဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအပေါ် အဓိကအာရုံစိုက်ကာ ပစ်မှတ်ထားပြီး ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်းများက တောင်းဆိုထားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စတွေ ပိုမိုဆိုးရွားလာတာကြောင့် ပိတ်ဆို့အရေးယူတာတွေလုပ်ဖို့ဟာ အရေးတကြီး လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
ဒီတောင်းဆိုချက်တွေကို မြန်မာနဲ့ ထိုင်းနိုင်ငံအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေအပါအဝင် သြစတြေးလျ၊ အမေရိကန်၊ ကနေဒါ၊ ယူကေစတဲ့ နိုင်ငံတွေက အဖွဲ့အစည်း လေးရာကျော်က တောင်းဆိုထားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် လူထောင်ပေါင်းများစွာ သေကျေပျက်စီးခဲ့ပြီး လူပေါင်း ၂၅၀၀၀ ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း၊ နေအိမ် ၈သောင်းကျော် မီးလောင်ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့နေရကာ နေရပ်စွန့်ခွာထွက်ပြေးရသူ ၁ ဒသမ ၉ သန်းကျော်အထိ ရှိလာပြီး လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ပိုမိုဆိုးရွားနေကြောင်း သိရပါတယ်။