ဆောက်သမ်းမြန်မာအသင်း အာဖရိကန်ကစားသမားအသစ် သုံးဦး ခေါ်ယူအားဖြည့်

ဆောက်သမ်းမြန်မာအသင်း အာဖရိကန်ကစားသမားအသစ် သုံးဦး ခေါ်ယူအားဖြည့်
ဂီနီကွင်းလယ်ကစားသမားသစ် လန်ဆာနာအား ဆောက်သမ်းအသင်းစာချုပ်ချုပ်ဆိုရာ၌ တွေ့ရစဉ် (ဓာတ်ပုံ-ဆောက်သမ်းမြန်မာ)

ဧပြီ ၂၅ ၊ ရန်ကုန်။                 ။ ၂၀၁၆ မြန်မာနေရှင်နယ်လိဂ် ပထမအကျော့အပြီး အပြောင်းအရွေ့ဈေးကွက်ဖွင့်ချိန်တွင် ဆောက်သမ်းမြန်မာအသင်းသည် အာဖရိကန်ကစားသမားသစ် သုံးဦးအား ခေါ်ယူအားဖြည့်လိုက်သည် ဟု ဆောက်သမ်းအသင်းမန်နေဂျာ ဦးမြင့်ကြူးက ဆိုသည်။

အဆိုပါကစားသမားသစ် သုံးဦးတွင် လက်ရှိ၌ ဂီနီနိုင်ငံသား ကွင်းလယ်ကစားသမား လန်ဆာနာ တစ်ဦးထဲသာ စာချုပ်ချုပ်ဆိုထားပြီး ဖြစ်ကာ ကျန်ကစားသမားနှစ်ဦးမှာ ခေါ်ယူရန် သဘောတူညီမှု ရရှိထားပြီး ဖြစ်သည်။

“ အသင်းအနေနဲ့ ဒုတိယအကျော့အတွက် အာဖရိကန် ကစားသမားအသစ် သုံးဦး ခေါ်သွားမှာပါ။ တနေ့ကတော့ ဂီနီကွင်းလယ်လူ တစ်ယောက်ကို စာချုပ်ပြီးသွားပါပြီ။ ကျန်တဲ့နှစ်ယောက်ကတော့ အကြိုသဘောတူညီမှုရထားပြီးပါပြီ။ စာချုပ်ချုပ်ဖို့ပဲ ကျန်တော့တာပါ။

နောက်တန်းနဲ့ တိုက်စစ်မှူး ဖြစ်မှာပါ။ အခြေအနေအရ တိုက်စစ်မှူး ၂ ယောက်သုံးဖြစ်ရင် သုံးသွားမှာပါ။ နိုင်ငံသားနဲ့ နာမည်အတိအကျကို သတင်းထုတ်ပြန်ပေးပါမယ်။   ပြည်တွင်းကစားသမား ကတော့ လောလောဆယ် ရှာနေတုန်းပါပဲ။ ရာသီကုန်မှာ အသင်းတန်းမဆင်းရဖို့တော့ အခုကတည်းက ကြိုးစားပြင်ဆင်နေပါတယ် ” ဟု ဦးမြင့်ကြူးက ပြောသည်။

ဆောက်သမ်းမြန်မာအသင်းသည် ယခုနှစ် ၂၀၁၆ ဘောလုံးရာသီတွင် လိဂ်-၁ သို့ တန်းပြန်တက်နိုင်ခဲ့သော်လည်း လက်ရှိတွင် ရလဒ်များဆိုးဝါးကာ နိုင်ပွဲတစ်ပွဲမှ မရရှိသေးပဲ ရမှတ် လေးမှတ်ဖြင့် အမှတ်ပေးဇယား အောက်ဆုံးတွင် ရပ်တည်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly