ရေခဲတောင်ရွာဟု နာမည်ကျော် ရှိန်းခေါင်ရွာ မီးလောင်ပျက်စီး

By ကချင်လေး (မဇ္ဈိမ)
07 November 2023
ရေခဲတောင်ရွာဟု နာမည်ကျော် ရှိန်းခေါင်ရွာ မီးလောင်ပျက်စီး
ဓာတ်ပုံ- ရှိန်းခေါင်ရွာ မီးမလောင်မီနှင့် မီးလောင်ပီးနောက် မြင်ကွင်း (CJ)

မြန်မာနိုင်ငံနှင့် တရုတ်န်ိုင်ငံ နယ်စပ်အနီးရှိ ရေခဲတောင်ရွာဟု နာမည်ကျော်သည့် ရှိန်းခေါင်ရွာသည် ယမန်နေ့ညက မီးလောင်ခဲ့ပြီး ရွာလုံးကျွတ်ပျက်စီးဆုံးရှုံးသွားကြောင်း ဒေသခံများကပြောသည်။

ရှိန်းခေါင်ရွာသည် ယမန်နေ့ နိုဝင်ဘာလ ၆ရက် ည ၁၂ နာရီခန့်တွင် မီးစတင်လောင်ကျွမ်းပြီး လူနေအိမ်များနှင့် ဘုရားကျောင်းများအပါအဝင် တရွာလုံးမီးလောင်ပျက်စီးသွားသည်ဟု သိရသည်။

"အေးတဲ့ဒေသဆိုတော့ တအိမ်နဲ့တအိမ်ကပ်ဆောက်ထားလို့ မီးငြှိမ်းသတ်လို့လည်းမရဘူး။ တရွာလုံးနီးပါး မီးနဲ့ပါသွားပြီ " ဟု မျက်မြင်တွေ့ရှိခဲ့ရသည့် ဒေသခံတဦးက ပြောသည်။

ရှိန်းခေါင်ရွာသည် ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ် အရှေ့ခြမ်း၊ တရုတ်နိုင်ငံနှင့်နယ်စပ်၌တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်ဒေသဖြစ်သည်။ ဆောင်းဦးရာသီမှစ၍ နွေရာသီအထိ ရေခဲများဖုံးလွှမ်းနေပြီး မြန်မာနိုင်ငံ၏ တခုတည်းသော ဆွဇ်ဇာလန်ဟု နာမည်ကြီးသည်။အိမ်ခြေ ၆၃ အိမ်ရှိပြီး ယမန်နေ့ညက မီးလောင်မှုတွင် အိမ်အားလုံးမီးထဲပါသွားခဲ့ရာ ဒေသခံများအတွက် အကူအညီများအရေးပေါ်လိုအပ်နေသည်ဟု သိရသည်။

မီးလောင်ရသည့် အကြောင်းရင်းကို မသိရသေးပေ။

ယခုလို ရွာလုံးကျွတ် မီးလောင်ပျက်စီးခြင်းသည် ပထမဆုံးအကြိမ်ဟု ဒေသခံများက ဆိုသည်။

စာတည်း - အေးချမ်း

#Mizzima

#ရှိန်းခေါင်ရွာ

#မီးလောင်ပျက်စီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly