နှစ်နိုင်ငံနယ်စပ်က တရုတ်ဒေသခံများ၏ လုံခြုံရေးကို အာမခံပေးရန် စစ်ကောင်စီကို တရုတ်ပြော

By 001 (မဇ္ဈိမ)
06 November 2023
နှစ်နိုင်ငံနယ်စပ်က တရုတ်ဒေသခံများ၏ လုံခြုံရေးကို အာမခံပေးရန် စစ်ကောင်စီကို တရုတ်ပြော

တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်က တရုတ်ဒေသခံများ၏ လုံခြုံရေးကို အာမခံပေးရန် တရုတ်နိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Nong Rong က စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

တရုတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံကို နိုဝင်ဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိလာရောက်ခဲ့ပြီး စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး၊ ဒုတိယဝန်ကြီးတို့နှင့် တွေ့ဆုံခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ယနေ့ နိုဝင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်သည်။

တရုတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံကို ရောက်ရှိနေချိန် နိုဝင်ဘာလ ၄ ရက်နေ့မှာ KIA ဌာနချုပ် လိုင်ဇာဘက်ကို ဦးတည် ပစ်ခတ်သော စစ်ကောင်စီတပ်၏ လက်နက်ကြီးသည် တရုတ်နိုင်ငံဘက်ခြမ်းမှာ ကျရောက် ပေါက်ကွဲပြီး တရုတ်နိုင်ငံသား တဦးသေဆုံးကာ နှစ်ဦးဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်။

ယင်းနောက် နယ်စပ်တည်ငြိမ်ရေးကို ကာကွယ်ထိန်းသိမ်းပြီး တရုတ်ဘက်ခြမ်း နယ်စပ်ပြည်သူများ၏ တကိုယ်ရေနှင့် စည်းစိမ်ဥစ္စာ ဘေးကင်းလုံခြုံမှုကို အာမခံပေးစေလိုကြောင်း တရုတ်က စစ်ကောင်စီကို ပြောဆိုလာခြင်း ဖြစ်သည်။

ထို့ပြင် ထိရောက်သည့် အစီအမံများ ဖော်ဆောင်ပြီး မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသားများ၊ အဖွဲ့အစည်းများနှင့် စီမံကိန်းလုံခြုံမှုများကို မြှင့်တင်ပေး စေလိုကြောင်း၊ အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည်မှု စသည့် နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများကို ဆက်လက်တိုက်ဖျက်သွားလိုကြောင်းလည်း တရုတ်နိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

စစ်ကောင်စီဘက်ကလည်း မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများနှင့် ဝန်ထမ်းများ ဘေးကင်းလုံခြုံမှုကို လက်တွေ့ကျကျစောင့်ရှောက်ကာကွယ်ပေးပြီး မြန်မာ-တရုတ်နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းသွားမည်ဟု ပြန်လည်တုံ့ပြန်ခဲ့ကြောင်း သိရသည်။

ပြီးခဲသည့် အောက်တိုဘာလကုန်ပိုင်းကလည်း  တရုတ်နိုင်ငံတော်ကောင်စီဝင် မစ္စတာ ဝမ်ရှောင်ဟုန်ဦးဆောင်သည့်အဖွဲ့ နေပြည်တော်ကို ရောက်လာပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံပြီး နယ်စပ်ဒေသတည်ငြိမ်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

လက်ရှိမှာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတပ်တို့ သီတင်းပတ် ၁ ပတ်ကျော်ကြာ တိုက်ပွဲပြင်းထန်နေဆဲသည်။ 

စစ်ကောင်စီတပ်၏ စခန်းကြီး၊ စခန်းငယ် ၁၀၀ ကျော် တိုက်ခိုက်သိမ်းပိုက်ခံထားရသည့်အပြင် တရုတ်-မြန်မာနယ်စပ်က ချင်းရွှေဟော်မြို့ကိုလည်း မဟာမိတ်သုံးဖွဲ့က သိမ်းပိုက်ထိန်းချုပ်ထားသည်။

ဓာတ်ပုံ- တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် စစ်ကောင်စီနိုင်ငံခြာရေး ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့ ‌တွေ့ဆုံစဉ် 

စာတည်း။   ။ နောင်နောင်

#တရုတ်မြန်မာ
#နယ်စပ်လုံခြုံရေး
#မစ္စတာNongRong
#တရုတ်နိုင်ငံခြားရေး
#Mizzima
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly