ရေလယ်ကျွန်းတွင် လက်နက်ကြီးထိမှန်ပြီး အရပ်သား ၁ ဦး သေဆုံး

By ဓါတု (မဇ္ဈိမ)
06 November 2023
ရေလယ်ကျွန်းတွင် လက်နက်ကြီးထိမှန်ပြီး အရပ်သား ၁ ဦး သေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီတပ်က ယနေ့ နိုဝင်ဘာလ ၆ ရက်နေ့တွင် လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်ရာ ကိုင်းရွာက အရပ်သားတဦး လက်နက်ကြီးထိမှန် သေဆုံးသွားကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

ကိုင်းရွာနှင့် မလှမ်းမကမ်းရှိ မင်းရွာတွင် အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်လိုက်သော လက်နက်ကြီးထိမှန်ကာ အသက် (၅၀) အရွယ် အမျိုးသားတဦး သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ထိုစစ်ကောင်စီတပ်ဖွဲ့သည် ယမန်နေ့ကလည်း ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

"ဒီနေ့ပစ်တာ ၁၇ ချက် လောက်ရှိတယ်၊ ကိုင်းရွာထဲ လက်နက်ကြီးကျပြီး အရှေ့ဘက်အိမ်ကို ပိတ်မှန်ပြီး ပေါက်ကွဲအားကြောင့် အနောက်ဘက်အိမ်ကလူကို သွားထိတာပေါ့၊ သူ့ရဲ့ခေါင်းကိုမှန်လို့ မြေတော်ရွာဘက်ကို ဆေးကုဖို့သွားတာ လမ်းမှာတင် ဆုံးသွားပါတယ်"ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ထို့အပြင် ယမန်နေ့ကလည်း လက်နက်ကြီးကြောင့် ငတရော်ကျေးရွာရှိ နေအိမ်ဝန်းအတွင်း အလုပ်လုပ်နေသည့် ဒေသခံသားအဖနှစ်ဦး ထိမှန်ဒဏ်ရာရသွားရာ ဖခင်ဖြစ်သူမှာ လည်ပင်းထိထားသောကြောင့် အသက်အန္တရယ် စိုးရိမ်ရကြောင်း ငတရော်ဒေသခံများက ဆိုသည်။

စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားသော ပျူစောထီးများ အားကောင်းရာ မင်းရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၈၀ ဝန်းကျင်ဖြင့် တပ်စွဲအထိုင်ချထားကြောင်း သိရသည်။

လက်ရှိမှာ စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ငတရော်၊ ရေယှား၊ ဆင်တဲ၊ ပေါက်အူက ဒေသခံ ၁,၀၀၀ ကျော် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဓာတ်ပုံ - နိုဝင်ဘာလ ၄ ရက်နှင့် ၅ ရက်တွင် ကျေးရွာအတွင်းကျရောက်သည့်လက်နက်ကြီးအပိုင်းအစ

စာတည်း။ ။ နောင်နောင်

#ရေလယ်ကျွန်း

#အညာ

#မကွေး

#အရပ်သား

#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly