နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၆ နိုဝင်ဘာ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၆ နိုဝင်ဘာ၂၀၂၃) 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် မြို့တော်၊ ကောလင်းမြို့ပေါ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ တော်လှန်ရေး အလံကို လွှင့်ထူလိုက်ပြီဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန် သည်။ 

  • ပဲခူးတိုင်း ၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၂) Phoenix DF နဲ့ ဒေသခံ စစ်ဘေးရှောင်ပြည်သူတွေကို နတ်တလင်းမြို့နယ် ပကဖ က လေ ကြောင်းရန် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးတာတွေ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်သည်။ 

  • အမျိုးသား ညီညွတ်ရေးအစိုးရ တာဝန်ရှိသူများနှင့်ကနေဒါနိုင်ငံ ဘုရင်ခံချုပ် အပါအဝင် လွှတ်တော် အမတ်များ တာဝန်ရှိသူ နှင့်တွေ့ဆုံကာ မြန်မာ့ အရေးဆိုင်ရာ ကိစ္စများ ဆွေးနွေး ခဲ့ကြောင်း NUG အစိုးရက ထုတ်ပြန်ထားသည်။ 

  • ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က မြေပြင်မှာ ဆောင်ရွက်နေသည့် ပညာရေးဆိုင်ရာ အခြေအနေများနှင့် စပ်လျဉ်းပြီး မွန်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ (CRMH) ၏ ပညာရေးနှင့် ကျန်းမာရေးကော်မတီဝင်များ၊ မြို့နယ်ပညာရေး ဘုတ်အဖွဲ့ဝင်များနဲ့ တွေ့ဆုံဆွေးနွေးမှုကို နိုဝင်ဘာ ၄ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြသည်။ 

  • ရှမ်းမြောက်တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ ၁၄ ဒသမ ၅ လေယာဉ်ပစ်စက် သေနတ် များကိုပါ သိမ်းဆည်းရမိကြောင်း မြောက်ပိုင်း မဟာမိတ် ၃ဖွဲ့ က မနေ့က ထုတ်ပြန်သည်။ 

  • မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းသိမ်း တိုက်ပွဲတွင် ထွက်ပြေးသွားသည့် စစ်ကောင်စီ ရဲများ အားလုံးကို ဖမ်းဆီးရမိကြောင်း ဂန့်ဂေါခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • ကချင်ပြည်နယ်၊ ရွှေကူခရိုင်ရှိ စစ်မှုထမ်းများနှင့် ရဲဝန်ထမ်းများ CDM ဝင်ရောက်ရန် ရွှေကူ KPDF က ယနေ့ နိုဝင်ဘာလ ၆ ရက်နေ့တွင် အသိပေး ထုတ်ပြန်ထားသည်။ 

  • စစ်ကိုင်းတိုင်း၊ မုံရွာ–ချောင်းဦးလမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ကို နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက် ခဲ့ရာ စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးခဲ့သည်ဟု မုံရွာခရိုင် အမှတ်(၁၁) People’s Defence Force – South Monywa က ယနေ့ နိုဝင်ဘာလ ၆ ရက်တွင် သတင်းထုတ်ပြန်သည်။ 

  • စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ဒေသ ကာကွယ် ရေးတပ်ဖွဲ့များက နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၁ နာရီတွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု နယ်မြေခံ တပ်ပေါင်းစုထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့တွင် စစ်​ကောင်စီတပ်ရဲစခန်းအတွင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ပြီးလေယာဥ်ဖြင့်ပါ ဗုံးချတိုက်ခိုက်ခဲ့၍ ပြည်သူအချို့ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ ကပြောသည်။ 

  • မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အာဏာသိမ်းစစ်တပ် အကြား တိုက်ပွဲများ အရှိန်မြင့်နေစဉ် ရှမ်းပြည်နယ်၌ ပိတ်မိနေသည့် ထိုင်းနိုင်ငံသား ၁၆၂ ဦးကို တရုတ်နိုင်ငံ ကူမင်းမြို့မှတဆင့် ထိုင်းနိုင်ငံသို့ ပြန်လည်ခေါ်ယူရန် ထိုင်းအစိုးရက စီစဉ်လျက် ရှိကြောင်း ထိုင်းရဲတပ်ဖွဲ့ ဒုရဲချုပ် ဆူရာချာတီ ဟာ့ခ်ပန်းက နိုဝင်ဘာ ၅ ရက်တွင် ပြောသည်။ 

  • မန္တလေးတိုင်း ၊ နွားထိုးကြီး–မြို့သာလမ်းပိုင်း ၊ အောင်ချမ်းသာကျေးရွာအနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ဒရုန်းဖြင့် ဗုံးသီးချတိုက် 

ခိုက်ခဲ့ရာ သုံးဦး သေဆုံးခဲ့သည်ဟု မြင်းခြံခရိုင် တပ်ရင်း(၄) တာဝန်ရှိသူထံမှ သိရသည်။ 

  • ရှမ်းပြည်နယ် မြောက်ပိုင်းတွင် သီတင်းတပတ်ကျော် တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေး ရသူ ၂ သောင်း ၃ ထောင်ကျော်ရှိပြီး အကူအညီ လိုအပ်ချက်တွေ သိသိသာသာ ပိုများ လာနေ ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်လိုက်သည်။ 

  • မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်အင်အားပြနေခြင်းကြောင့်  နိုဝင်ဘာလ ၅ ရက်တွင် ကျေးရွာအချို့ ရွာလုံးကျွတ်တိမ်း ရှောင်နေရကြောင်း သတင်းရရှိသည်။ 

  • စစ်ကောင်စီ လက်အောက်ခံ ရဲများ စခန်းစွန့် ထွက်ပြေးသွားသည့် ဂန့်ဂေါမြို့နယ် တောင်ခင်ရန်း ရဲစခန်းတွင် မိုင်းများ​ထောင်ခဲ့၍ ဝင်ရောက်ရှင်းလင်းလျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)စစ်ကြောင်း (၃)ကသတင်းထုတ်ပြန်သည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်များကို TNLA က တိုက်ခိုက်နေ ကြောင်း တအာင်းတပ်မတော်က တရားဝင် သတင်းထုတ်ပြန် သည်။ 

  • ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ဂုတ်ထိပ်အနီးနှင့် ရွှေညောင်ပင်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ်နဲ့ TNLA ၊ MYD PDFတွေအကြား ယနေ့ မနက်အစောပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း တအာင်းတပ်မတော် PSLF/TNLAက  ထုတ်ပြန်သည်။ 

  • ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံမြို့နယ်အုပ်ချုပ်နယ်မြေအတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး လူနေအိမ် သုံးလုံး ထိခိုက်ပျက်စီးခဲ့ရကြောင်း KNUဗဟိုက သတင်းထုတ်ပြန်သည်။ 

  • ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေတွင် အောက်တိုဘာလ အတွင်း တိုက်ပွဲပေါင်း ၈၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ဦးကျော်သေဆုံးခဲ့ကြောင်း KNU တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။ 

  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသနှင့် သိန္နီမြို့နယ်တွင် စစ်ကောင်စီ၏ တာဂန်ထန်စခန်း အပါအဝင် စခန်း ၄ ခုနှင့် စစ်ယာဉ်တန်းတို့ကို ကို MNDAA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်း အမြောက်အမြားရရှိကြောင်း MNDAA က သတင်းထုတ်ပြန်သည်။ 

စစ်ကောင်စီ 

  • ၂၀၂၃ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကျင်းပဖို့ ပြန်ကြားရေးဝန်ကြီးနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ 

  • ရှမ်းမြောက်က တိုက်ပွဲများအပေါ် လက်မခံကြောင်း ရုပ်ရှင်လောသားများက နိုင်ငံတော်ကာ ကွယ်ရေး တာဝန်ထမ်းဆောင်နေသူများထံကို စာများ ရေးသားပေးပို့ရန် ပြန်ကြားရေးဝန်ကြီး မောင်မောင်အုန်းက တိုက်တွန်း လိုက်သည်။ 

  • ရန်ကုန်လေဆိပ်ရှိမှာ ခရီးသည်(၃)ဦးထံက ကျပ်သိန်းပေါင်း ၄၂၃၅၆၅၉၇၃၄တန်ဖိုးရှိ iPhone၊ ဒေါ်လာနှင့် ရွှေတုံးများ ဖမ်းဆီးရမိကြောင်း စစ်ကောင်စီ သတင်းစာတွင် ဖော်ပြထားသည်။ 

  • မြန်မာအလုပ်သမားများ တရုတ်နိုင်ငံမှာ တရားဝင် နေထိုင်အလုပ်လုပ်ကိုင်ခွင့်ကိစ္စရပ်နှင့် စပ်လျဉ်းပြီး နှစ်နိုင်ငံ ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။ 

  • ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် အကောင်အထည်ဖော်မည့်ရေနက်ဆိပ်ကမ်းစီမံကိန်း၌ ပူးပေါင်း ဆောင်ရွက်ရန်အတွက် အစိုးရအသိအမှတ်ပြု မြန်မာနိုင်ငံသား ပိုင်ကုမ္ပဏီများပါဝင်သည့် အဖွဲ့ ဖွဲ့စည်းရေး စီစဉ်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။ 

နိုဝင်ဘာ ၆ ရက် သုံးသပ်ချက် 

  • ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်မဟာမိတ်ပူးပေါင်းတပ်များသည် စစ်ကိုင်းတိုင်းအတွင်း ခရိုင်အဆင့် မြို့ဖြစ်သည့် ကောလင်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို ၁၀၂၇ စစ်ဆင်ရေးကလည်း အရှိန်မြင့်တက် ကာ တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်နိုင်နေ၍ မဝေးတော့မည့် ကာလတွင် အကြမ်းဖက်စစ်ကောင်စီ၏ နေဝင်ချိန်ကို မြင့်တွေ့ရဖွယ်ရှိနေသည်။ 

  • နိုင်ငံအနှံ့တော်လှန်ရေးအရှိန်မြင့်ပြီး အကြမ်းဖက်စစ်ကောင်စီစခန်းများ မြို့များအသိမ်းခံနေရချိန် နေပြည်တော်တွင် မြန်မာ့ရုပ်ရှင်အကယ်ဒမီပေးပွဲကျင်းပရန် စစ်ကောင်စီမှ ဆွေးနွေးနေသည်ကို ကြည့်ပါက စစ်ကောင်စီ အရာရှိကြီးများသည် အောက်ခြေစစ်သားများ ဝန်ထမ်းများကို မည်သို့ပင်ဖြစ်စေ စာနာဖေးမမှုမရှိဘဲ ၎င်းတို့အတွက် အသုံးချခံများအဖြစ်သာ ရှုမြင်နေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly