မဲဆောက်တွင် ၃ ရက်အတွင်း မြန်မာနိုင်ငံသား ၁၃ ဦး ဖမ်းဆီးခံရ

By ကိုရွှေမြိတ် (မဇ္ဈိမ)
06 November 2023
မဲဆောက်တွင် ၃ ရက်အတွင်း မြန်မာနိုင်ငံသား ၁၃ ဦး ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်ရှိ မဲဆောက်မြို့တွင် နိုဝင်ဘာလ ၂ ရက်မှ ၄ ရက်နေ့အထိ သုံး ရက်အတွင်း မြန်မာရွှေ့ပြောင်းလုပ်သား ၁၃ ဦးကို ထိုင်းအာဏာပိုင်များကဖမ်းဆီးခဲ့ကြောင်း မဲဆောက် လူဝင်မှုကြီးကြပ်ရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုဝင်ဘာလ ၂ ရက်နေ့က မဲဆောက်မြို့အတွင်း အလှပြင်ဆိုင်သုံးဆိုင်ကို ရှောင်တခင်ဝင် ရောက်စစ်ဆေး ရာမှ မြန်မာလုပ်သားငါးဦး ဖမ်းဆီးခံခဲ့ရသည်ဟု မဲဆောက်မြန်မာအသိုင်းအဝိုင်းမှ သိရသည်။

ဆက်လက်ပြီးလည်း နိုဝင်ဘာလ ၃ ရက်နေ့တွင် သုံးဦးနှင့် ၄ ရက်နေ့၌ ငါးဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီခဲ့ခြင်းဖြစ်သည်။

မဲဆောက်မြို့နေ မြန်မာနိုင်ငံသားတဦးက “ဒီမှာက အဲဒီလိုပါပဲ၊ အလုပ်လုပ်နေတဲ့ မြန်မာတွေအများကြီးရှိ ပါတယ်။ ထိုင်းလူမျိုးတွေ မကြိုက်တာသွားလုပ်မိရင် ရဲကိုအကြောင်းကြားခံရပြီး ဖမ်းဆီးခံရနိုင်တယ်” ဟု ပြောသည်။

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၁၃ ဦးသည် မဲဆောက်မြို့မှ အလှပြင်ဆိုင်သုံးဆိုင်နှင့် အခြားလုပ်ငန်း များတွင် ထိုင်းအာဏာပိုင်းများက ရှောင်တခင်ဝင်ရောက်စစ်ဆေးစဉ် တရားမဝင်လုပ်ကိုင်သည်ဟုဆိုကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် ဆိုင်ခန်းဖွင့်ပြီးဈေးရောင်းခြင်း၊ အလှပြင်ဆိုင်ဖွင့်ခြင်း၊ တက္ကစီမောင်းခြင်းနှင့် ပွဲစားလုပ်ခြင်း စသည့် လုပ်ငန်းအမျိုးအစား ၄၀ ကို လုပ်ကိုင်ခွင့်မပြုကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားအရေး ကူညီပေးနေသူများထံမှ သိရသည်။

ထိုင်းအစိုးရမှ ကန့်သတ်ထားသည့်လုပ်ငန်းများကို ဝင်ရောက်လုပ်ကိုင်ပါက တနှစ်ထက်မပိုသော ထောင် ဒဏ်၊ ငွေဒဏ် ဘတ် ၅၀,၀၀၀ မှ ၂၀၀,၀၀၀ ထက်မပိုသောပြစ်ဒဏ်(သို့မဟုတ်) ထောင်ဒဏ်နှင့်ငွေဒဏ် နှစ်ရပ်လုံးကိုချမှတ်နိုင်ကာ သုံးနှစ် အလုပ်လုပ်ကိုင်ခွင့် ပိတ်သိမ်းပြီး ပြည်နှင်ဒဏ်ချမှတ်နိုင်ကြောင်း ထိုင်းဥပဒေတွင်ပြဋ္ဌာန်းထားသည်။

ထိုင်းအစိုးရအနေဖြင့် ယခုကဲ့သို့ လုပ်ကိုင်ခွင့်ကန့်သတ်ထားခြင်းမှာ အခြေခံထိုင်းနိုင်ငံသားများ၏ အလုပ် များကို နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားများ ဝင်ရောက်လုပ်ကိုင်ခြင်းမှကာကွယ်ရန် ဥပဒေပြဋ္ဌာန်းထား ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#မြန်မာရွှေ့ပြောင်းလုပ်သား

#ထိုင်းနိုင်ငံ

#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly