ပထမဆုံးမြို့သိမ်းအောင်ပွဲအတွက် ဂုဏ်ယူကြောင်း NUG ထုတ်ပြန်

ပထမဆုံးမြို့သိမ်းအောင်ပွဲအတွက် ဂုဏ်ယူကြောင်း NUG ထုတ်ပြန်
ကောလင်းမြို့တွင် ပထမဆုံးစိုက်ထူခဲ့သည့် ပြည်သူ့တော်လှန်ရေးအလံတော် Photo - NUG/MOD

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၏မြို့တော် ကောလင်းမြို့ကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့်အတွက် အထူးဝမ်းမြောက်ဂုဏ်ယူကြောင်းနှင့်စစ်ဆင်ရေးတွင် ဦးဆောင်သူများနှင့် ပါဝင်သူများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊နိုင်ငံတော် သမ္မတရုံးက ယနေ့ည ထုတ်ပြန်သည်။

စစ်ကောင်စီထိန်းချုပ်ထားသည့်ကောလင်းမြို့ကို အမှတ် (၁) စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲရေး၏ ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက နိုဝင်ဘာလ ၃ရက်မှ စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့ နိုဝင်ဘာလ ၆ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

" ခရိုင်အဆင့်ရှိ မြို့တမြို့ကို ပထမဆုံးအကြိမ် အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် စစ်ဆင်ရေးတွင် ဦးဆောင်သူများနှင့် ပါဝင်သူများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပြီး မှတ်တမ်းတင် ဂုဏ်ပြုပါသည်"ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သည်။

စစ်ဆင်ရေးအတွင်း စွန့်စားပေးဆပ်စွန့်လွှတ်သူများ အားလုံးကိုလည်း ထာဝရ အမှတ်ရစွာဖြင့် ဦးညွှတ် အလေးပြုရင်း မှတ်တမ်းတင် ဂုဏ်ပြုပါသည်ဟု ထုတ်ပြန်ထားသည်။

ကောလင်းမြို့သည်၊ ပင်လယ်ဘူးမြို့နှင့်ဝန်းသိုမြို့တို့ပါဝင်သည့် ကောလင်းခရိုင်၌ တည်ရှိသော မြို့ကြီးဖြစ်သည်။ စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းပြီးနောက် လူထုခုခံစစ် သုံးနှစ်နီးပါးအတွင်း အမျိုးသားညီညွတ်ရေးအစိုးရက ပထမဆုံး သိမ်းယူနိုင်ခဲ့သည့် မြို့ဖြစ်သည်။ ကောလင်းမြို့တွင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားရပ်တန့်သွားပြီဟု အမျိုးသား ညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

လတ်တလောတွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကလည်း ၁၀၂၇ စစ်ဆင်ရေးဖြင့် အောက်တိုဘာလ ၂၇ ရက်မှ စတင်ကာ စစ်ကောင်စီကိုတိုက်ခိုက်နေသည်။လက်ရှိအချိန်အထိ ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ကောင်စီတပ်စခန်းပေါင်း ၁၀၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ချင်း‌ရွှေဟော်၊ သိန္နီ၊ ကြူကုတ်(ပန်ဆိုင်း)၊မုံးကိုး၊ နမ့်ခမ်းမြို့တို့ကို ထိန်းချုပ်ထားကြောင်း မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ကထုတ်ပြန်ထားသည်။

ကောလင်းမြို့တွင် ပထမဆုံးစိုက်ထူခဲ့သည့် ပြည်သူ့တော်လှန်ရေးအလံတော်

Photo - NUG/MOD

စာတည်း - အေးချမ်း

#Mizzima

#ကောလင်းမြို့

#တိုက်ခိုက်သိမ်းပိုက်

#အမျိုးသားညီညွတ်ရေးအစိုးရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly