မြန်မာပြည်ရှိ တရုတ်စီမံကိန်းများ၊ အဖွဲ့အစည်းများ၏ လုံခြုံမှုကို မြှင့်တင်ပေးရန် တရုတ်ဒုနိုင်ငံခြားရေးဝန်ကြီး ‌ပြော

By 002 (မဇ္ဈိမ)
06 November 2023
မြန်မာပြည်ရှိ တရုတ်စီမံကိန်းများ၊ အဖွဲ့အစည်းများ၏ လုံခြုံမှုကို မြှင့်တင်ပေးရန် တရုတ်ဒုနိုင်ငံခြားရေးဝန်ကြီး ‌ပြော

မြန်မာပြည်ရှိ တရုတ်စီမံကိန်းများ၊ အဖွဲ့အစည်းများ၏ လုံခြုံမှုကို မြှင့်တင်ပေးရန် တရုတ်ဒုနိုင်ငံခြားရေးဝန်ကြီးက ‌ပြောကြား‌ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။

တရုတ်နိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Nong Rong က စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံပြီး ‌‌ပြောကြားခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံက ဆောလျင်စွာတည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက် လာရန် မျှော်လင့်‌ကြောင်း၊ မြန်မာနိုင်ငံဘက်အသီးသီးက အခြေခံဥပဒေနှင့် တရားဥပဒေမူဘောင်အောက်တွင် သဘောထား ကွဲလွဲမှုများအား ဖြေရှင်း၍ တွေ့ဆုံဆွေးနွေးမှုဖြင့် ပြန်လည် သင့်မြတ်ရေး ‌ဖော်ဆောင်ရန် အအားပေးကြောင်း၊ မြန်မာနိုင်ငံက တရုတ်နိုင်ငံနှင့်အတူ နယ်စပ်တည်ငြိမ်အေးချမ်းမှုကို ကာကွယ် ထိန်းသိမ်း၍ တရုတ်ဘက် နယ်စပ်ပြည်သူများ တစ်ကိုယ်ရေနှင့် စည်းစိမ်ဥစ္စာဘေးကင်းလုံခြုံမှုကို အာမခံပေးစေလို‌ကြောင်း၊ ထိရောက်သောအစီအမံများဖော်ဆောင်၍ မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသားများ၊ အဖွဲ့အစည်းနှင့် စီမံကိန်းများလုံခြုံမှုကို မြှင့်တင်စေလို‌ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ပူးပေါင်း၍ အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည်မှု စသည့်နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများကို ဆက်လက် တိုက်ဖျက်သွားလိုပါကြောင်း တရုတ်ဒုနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

 မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများနှင့်ဝန်ထမ်းများ ဘေးကင်း လုံခြုံမှုကို လက်တွေ့ကျကျ စောင့်ရှောက်ကာကွယ်ပေးကာ မြန်မာ-တရုတ်နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းသွားလိုကြောင်း၊ မြန်မာနိုင်ငံသည် တရုတ် စသည့်အိမ်နီးချင်းနိုင်ငံများနှင့်အတူ အွန်လိုင်းလောင်းကစား ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာပူးတွဲတရားဥပဒေ စိုးမိုးမှု လှုပ်ရှားမှုများကို ဆက်လက်ဖော်ဆောင်၍ ဒေသတွင်းဖွံ့ဖြိုး တိုးတက်မှုအတွက် ကောင်းမွန်သောပတ်ဝန်းကျင် ဖန်တီးပေးမည်ဖြစ်ကြောင်း မြန်မာဘက်က ‌ပြောကြားခဲ့သည်ဟု တရုတ်သံရုံးက ထုတ်ပြန်သည်။

နိုဝင်ဘာ ၃ ရက်မှ ၅ ရက်အထိ ကြာမြင့်ခဲ့သည့် ခရီးစဉ်အတွင်း လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Nong Rong သည် တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စသည့် တရုတ်-မြန်မာအတူတည်ဆောက်သော “Belt and Road” အရေးပါစီမံကိန်းများကိုလည်း သွားရောက်လေ့လာ ခဲ့ပြီး မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု တရုတ်သံရုံးက ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly