လယ်သမားအရေးဆောင်ရွက်ပေးသူအား လွှတ်ပေးရန်တောင်သူများ တောင်းဆို

လယ်သမားအရေးဆောင်ရွက်ပေးသူအား လွှတ်ပေးရန်တောင်သူများ တောင်းဆို
ဓာတ်ပုံ-အောင်ကိုဦး

မန္တလေး၊ဧပြီ ၂၅ ။            ။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့် စစ်မှုထမ်းဟောင်းအဖွဲ့တို့မှ သိမ်းယူထားသော ပုသိမ်ကြီးမြို့နယ်၊ ရေကြည်ညောင်ပင်ကျေးရွာရှိ လယ်ယာမြေများပြန်လည်ရရှိအောင် ကူညီဆောင်ရွက်ပေးခဲ့သူ ကိုမျိုးဝင်းအား ပြန်လည်လွှတ်ပေးရန်နှင့်အမှုများရုပ်သိမ်းပေးရန်အတွက် ဒေသခံတောင်သူတချို့ကတောင်းဆိုခဲ့သည်။

 ဧပြီ ၂၅ ရက်၊နံနက် ၁၀ နာရီကကိုမျိုးဝင်းအားရုံးထုတ်လာစဉ် ပုသိမ်ကြီးမြို့နယ်တရားရုံးနှင့်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့တို့တွင် ဒေသခံတောင်သူတစ်ချို့က တောင်းဆိုခဲ့ကြသည်။

တောင်းဆိုမှုတွင်ပါဝင်သူ ရေကြည်ကျေးရွာမှ မချိုက"တောင်သူကို ကူညီနေတာပါ။သူပုန်ကို ကူညီတာမဟုတ်ဘူး။ ကျွန်မတို့ခံစားနေရတာတွေ၊ ဆုံးရှုံးခဲ့တာတွေကို မားမားမတ်မတ်ရပ်တည်ပြီး ကူညီခဲ့တဲ့သူပါ။ ဒါကြောင့်လွှတ်ပေးဖို့တောင်းဆိုတယ်။ လွတ်မြောက်ဖို့ဆုတောင်းတယ်။"ဟုပြောသည်။

ဆန္ဒဖော်ထုတ်တောင်းဆိုနေမှုနှင့်ပတ်သက်၍ ပုသိမ်ကြီးမြို့နယ်အထွေအုပ်ချုပ်ရေးမှူး ဦးကျော်သက်ခိုင် က "တောင်းဆိုလို့ရပါတယ်။ ဒါပေမယ့် ခွင့်ပြုမိန့်လေးနဲ့ လုပ်ရင်ကောင်းတာပေါ့။ ပုဒ်မ ၁၈ ဆိုတာကလည်း ရှိနေသေးပါတယ်။ ဥပဒေကြောင်းအရ ဆောင်ရွက်လိုပ်မယ်ဆို တောင်သူတွေပဲ ခံရမှာလေ။ ကျွန်တော်အနေနဲ့တော့ ဆက်မလုပ်ဖို့ပြောထားပါတယ်။"ဟုပြောသည်။

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦးကလည်း "ဥပဒေဘောင်ထဲက လွှတ်မြောက်ဖို့ကူညီပေးသွားပါမယ်။"ဟုပြောသည်။

ဒေသခံတောင်သူများအနေဖြင့် ကိုမျိုးဝင်းလွတ်မြောက်စေရန်အတွက် ဆုတောင်းပွဲများနှင့်တောင်းဆိုမှုများ ရုံးချိန်းရက်တိုင်း ပြုလုပ်သွားနိုင်ရန်စီစဉ်သွားမည်ဟု ဆန္ဒပြတောင်းဆိုမှုကို ဦးဆောင်သူ ကိုအေးသိန်းကဆိုသည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly