ပြင်ဦးလွင်မြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုများ ရှောင်တိမ်းနေကြဟုဆို

By 007(မဇ္ဈိမ)
05 November 2023
ပြင်ဦးလွင်မြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုများ ရှောင်တိမ်းနေကြဟုဆို

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုများ နေရပ်စွန့်ခွာ ပြောင်းရွှေ့နေကြသည်ကို တွေ့မြင်နေရကြောင်း ဒေသခံများကပြောသည်။

ပြင်ဦးလွင်မြို့နှင့် ၃၁ မိုင်ခန့်သာကွာဝေးသော နောင်ချိုမြို့တွင် TNLA ၊ မန္တလေး PDF နှင့် စစ်ကောင်စီ တပ်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက်နေ့မှစကာ အရာရှိအဆင့်မိသားစုများ နေရပ်စွန့်ခွာ ပြောင်းရွှေ့နေကြ ခြင်းဖြစ်သည်ဟု ဆိုသည်။

“DSA ထဲကနေ ထွက်လာတဲ့စစ်ကားတွေမှာ စစ်တပ်မိသားစုတွေ တွေ့ရတယ်။ မန္တလေးဘက်ကို ဆင်းကြ တာများတယ်။ နောက်ပြီးတော့ ဗိုလ်ချုပ်ရွာဘက်မှာလည်း ကားကြီးကားငယ်တွေနဲ့ ပြောင်းရွှေ့နေကြ တာတွေ့တယ်။ အုတ်အော်သောင်းနင်း ထွက်ပြေးနေကြတာမျိုးတော့ မဟုတ်ဘူးပေါ့ဗျာ၊ ကိုယ့်အစုနဲ့ ကိုယ် ဟန်မပျက် နေရာရွှေ့နေကြတာပါ၊ အခုရက်ပိုင်း နေ့တိုင်းလိုလို တွေ့နေရတယ်” ဟု အမည်မဖော် လိုသူ ဒေသခံတဦးက ပြောသည်။

လက်ရှိ ပြင်ဦးလွင်အခြေအနေမှာ မြို့လူထု အရပ်သားအသိုင်းအဝိုင်းတွင် ပုံမှန်အတိုင်း သွားလာလုပ်ကိုင် နေကြသည်ကိုတွေ့ရပြီး စစ်ကောင်စီတပ်အသိုင်းအဝိုင်းတွင်သာ လုံခြုံရေးသတိအနေအထားဖြင့် အသင့် ပြင် ဆင်ထားသည်ကိုတွေ့ရကြောင်း ဒေသခံသတင်းရင်းမြစ်များက ဆိုသည်။

“ဒီဘက်က မိုးကုတ်အဝင်လမ်း(ပြင်ဦးလွင်-မိုးကုတ်လမ်းသစ်)လည်းဖြစ်တယ်၊ မတ္တရာဘက်ကနေဝင် ပေါက်လည်းဖြစ်တယ်ဆိုတော့ လုံခြုံရေး တအားတင်းကျပ်ထားတယ်၊ တောအစပ်တွေ၊ ခြုံတွေအကွယ် တွေမှာ ကင်းပုန်းတွေ ဝပ်ထားတာတွေ့တယ်။

ကျွန်တော်တို့တွေ့ခဲ့တဲ့စစ်သားတွေဆိုရင် အသက်ကြီး ပိုင်းကြီးတွေများတယ်၊ ခေါက်ဆွဲခြောက်ထုပ်ကို ရေနွေးမဖျောနိုင်ဘဲ အခြောက်တိုက်စားနေတာတွေ တွေ့ခဲ့ရတယ်” ဟု လုံခြုံရေးအရ အမည်နှင့် နေရာမဖော်ပြလိုသည့် ဒေသခံသတင်းရင်းမြစ်က ပြောသည်။

မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့၏ (၁၀၂၇)စစ်ဆင်ရေး ခြောက်ရက်မြောက်သည့် နိုဝင်ဘာလ ၁ ရက် နေ့တွင် ပြင်ဦးလွင်မှနောင်ချိုမြို့သို့ ဦးတည်ထွက်ခွာလာသော စစ်ကောင်စီ၏ သံချပ်ကာနှစ်စီးအပါအဝင် ကားအစီး ၃၀ ခန့်နှင့် အင်အား ၁၅၀ ခန့်ပါယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ကြားဖြတ်တိုက်ရာမှ နှစ်ဘက်တိုက်ပွဲ ပြင်းထန်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအပြီးတွင် စစ်ကောင်စီ၏သံချပ်ကာတစီးကို ဖျက်ဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်း နိုင်ခဲ့ကြောင်း၊ ယနေ့အချိန်အထိ နောင်ချိုမြို့ အနီးဝန်းကျင်တွင် နှစ်ဘက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေသေးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ သတင်းထုတ်ပြန်ချက်များအရ သိရ သည်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့တို့သည် မန္တလေး-မူဆယ် ပြည်ထောင် စုလမ်း အတိုင်း ၃၁ မိုင်ခန့်သာကွာဝေးသည်။

ပြင်ဦးလွင်-နောင်ချိုလမ်းပိုင်းအတွင်း ဝက်ဝံ၊ ခြေမြစ်ပင်၊ ဘန့်ဘွေး၊ ရေဝန်း၊ အုမ္မသီး၊ ရေမောင်းတံ၊ ရွှေ ညောင်ပင်၊ အုမ္မခါး၊ ကျောက်ကြမ်း၊ ပြည်သာကုန်း စသည့်ကျေးရွာများရှိပြီး ကျောက်ကြမ်းကျေးရွာတွင် အောက်တိုဘာလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့် TNLA ၊ မန္တလေး PDF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများပြင်းထန်ခဲ့သည်။

ကျောက်ကြမ်းကျေးရွာသည် နောင်ချိုမြို့အဝင် တိုးဂိတ်နှင့် ၁၀ မိုင်ခန့် အကွာတွင်ရှိပြီး ပြင်ဦးလွင်မြို့ အဝင်တိုးဂိတ်နှင့် မိုင် ၂၀ ခန့် ကွာဝေးသည်။

စာတည်း ။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly