ဖရူဆို-ဘောလခဲလမ်းတွင် အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်မှ ၄၀ ဦးသေဆုံးကြောင်း KNDF ထုတ်ပြန်

By 001 (မဇ္ဈိမ)
05 November 2023
ဖရူဆို-ဘောလခဲလမ်းတွင် အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်မှ ၄၀ ဦးသေဆုံးကြောင်း KNDF ထုတ်ပြန်

ကရင်နီပြည်နယ်၊ ဖရူဆို-ဘောလခဲလမ်းတလျှောက် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းအဖွဲ့ များအကြား အောက်တိုဘာလအတွင်း နေ့စဥ်နီးပါး တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၄၀ ဦး သေ ဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က နိုဝင်ဘာလ ၃ ရက်နေ့က ထုတ်ပြန် သည်။

ဖရူဆိုမြို့နယ်ရှိ စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တန်းများ ဘောလခဲမြို့သို့ ဖြတ်သန်းဝင်ရောက်နိုင်ရေး အတွက် အဆိုပါလမ်းမကြီးအားထိန်းချုပ်နိုင်ရန် စစ်ကောင်စီက ခြေလျှင်စစ်ကြောင်း ခြောက်ကြောင်းဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း KNDF က ဆိုသည်။

ထောက်ပို့ယာဉ်တန်းများ ဖြတ်သန်းနိုင်ရန် လမ်းလုံခြုံရေးအဖြစ် ပြည်ထောင်စုလမ်းမကြီး တလျှောက် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များနှင့် ကရင်နီပူးပေါင်းတပ်များအကြား နေ့စဉ်နီးပါး တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်တန်းများဖြတ်သန်းသွားလာစဉ်လည်း တိုက်ပွဲများပြင်းထန်ခဲ့ကာ တလအတွင်း တိုက်ပွဲ ၃၀ နီးပါး ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လမ်းမကြီးတလျှောက်ရှိ မာခရောရှေ၊ လောကြေခူ၊ ထားလဲ၊ ပရယ်တော်နှင့် နန်းဖဲကျေးရွာများတွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က ဘောလခဲမြို့သို့ ခဲယမ်း၊ ရိက္ခာများ ပို့ဆောင်နိုင်ရန် စက်တင်ဘာလဒုတိယပတ်မှစပြီး ကြိုးပမ်းနေခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီထောက်ပို့ယာဉ်တန်း ၇၀ ကျော်အနက်မှ ကားအစီးရေ ၄၀ ခန့်သာ ဘောလခဲမြို့ သို့ သွားရောက်နိုင်ခဲ့ပြီး ကျန်ကားအစီးရေ ၃၀ နီးပါးမှာ လမ်းမကြီးတလျှောက်တွင် ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း KNDF ကထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးသေဆုံးသည့်အပြင် ထိခိုက်ဒဏ်ရာ ရသူလည်း များပြားခဲ့ပြီး စစ်ကောင်စီ၏ ထောက်ပို့ကားအချို့ကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက် မနည်းပြုလုပ်ခဲ့ပြီး KNDF တပ်ဖွဲ့ဝင် ရဲဘော်လေးဦးကျဆုံးခဲ့ကြောင်းလည်း ဆိုထားသည်။

နှစ်ဖက်ထိခိုက်ကျဆုံးမှုများအပေါ် မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

တိုက်ပွဲအတွင်း ကရင်နီတပ်မတော် (KA) ၊ KNDF တို့အပြင် မဟာမိတ်တပ်ပေါင်းစုများလည်း ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်က လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့် ဘောလခဲမြို့ နယ်များတွင် စစ်ရေးပစ်မှတ်မဟုတ်သည့် ကျေးရွာများကိုလည်း လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်း မှ ဗုံးကြဲခြင်းတို့ပြုလုပ်ခဲ့ပြီး အသက် ရှစ်နှစ်အရွယ်ကလေးတဦးသေဆုံးကာ အရပ်သားခုနစ်ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။

စာတည်း။  ။စောဖေ
#ကရင်နီပြည်နယ်
#mizzima
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly