ချန်ပီယံလိဂ်ဝင်ခွင့်နေရာ မတည်မြဲမည်ကို အာစင်ဝင်းဂါးစိုးရိမ်

ချန်ပီယံလိဂ်ဝင်ခွင့်နေရာ မတည်မြဲမည်ကို အာစင်ဝင်းဂါးစိုးရိမ်

ဧပြီ ၂၅၊ လန်ဒန်။            ။ အာဆင်နယ်အသင်း၏ ချန်ပီယံလိဂ်ဝင်ခွင့်နေရာမတည်မြဲမည်ကို စိုးရိမ်မိသည်ဟု နည်းပြအာစင်ဝင်းဂါးက ဆန်းဒါးလန်းနှင့်ဂိုးမရှိ သရေကျသောပွဲအပြီးတွင် ပြောသည်။

အာဆင်နယ်အသင်းသည် ဆန်းဒါးလန်း (အမည်ပြောင်ကြောင်နက်များ)ကို အနိုင်ရအောင်ကစားနိုင်ခြင်းမရှိခဲ့ဘဲ တစ်မှတ်ရသွားသည့် ဆန်းဒါးလန်းမှာ တန်းဆင်းဇုန်သုံးသင်းစာရင်းမှရုန်းထွက်နိုင်ခဲ့သည်။

အာဆင်နယ်အသင်းသည် အခွင့်ရေးများကိုအသုံးချနိုင်ခြင်းမရှိခဲ့သကဲ့သို့ ဆန်းဒါးလန်းဘက်မှအပိုင်အားထုတ်ကြိုးပမ်းမှုအချို့ကိုလည်း ဂိုးသမားပီတာချက်က ကာကွယ်ခဲ့ရသည်။

ယင်းရလဒ်ကြောင့်အာဆင်နယ်အသင်းသည် တစ်ပွဲကျန်မန်ချက်စတာယူနိုက်တက်အသင်းကိုငါးမှတ်သာဖြတ်နိုင်ပြီး အဆင့်လေးနေရာသို့ ရောက်လာခဲ့ရာ လက်ကျန်ပွဲများတွင် ချန်ပီယံလိဂ်ဝင်ခွင့်နေရာလုဖက် မန်စီးတီး၊ တန်းဆင်းဇုန်ရုန်းကန်အားရှိနေသည့် နောရစ်ချ်တို့နှင့် ရင်ဆိုင်ရမည့်ပွဲများအတွက် အာစင်ဝင်းဂါးက ရတက်မအေးဖြစ်လာရခြင်းဖြစ်သည်။

အာဆင်နယ်အသင်းထိပ်သီးလေးသင်းနေရာဆုံးရှုံးရမည့်အရေးအပေါ်စိုးရိမ်မှုရှိလားဆိုသည့်မေးခွန်းကို ဝင်းဂါးက "ဒါပေါ့၊ စိုးရိမ်တာပေါ့။ ဒါက တိုက်ပွဲတစ်ခုဖြစ်လို့ ကျွန်တော်တို့ ဂရုထားစိုးရိမ်ရတယ်။

အခုလိဂ်ကနှစ်ခုလိုဖြစ်နေတယ်။ ဥရောပဝင်ခွင့်လည်းမမီ၊ တန်းလည်းမဆင်းရနိုင်လို့ အမှတ်မလိုတော့တဲ့ ကစားရလွယ်တဲ့အသင်းတွေနဲ့ တန်းမဆင်းရဖို့ရုန်းကန်နေတဲ့အသင်းတွေနဲ့ပွဲတွေက မတူခြားနားပါတယ်။

ဗိုလ်စွဲနိုင်အောင်ကစားနေပေမယ့် အခြားအသင်းတွေလိုပဲ အနိုင်မရတာက စိတ်ပျက်စရာပါ။ ဆန်းဒါးလန်းလိုအသင်းမျိုးဟာ သူတို့ဆက်ရှင် သန်ဖို့ တိုက်ပွဲဝင်နေတဲ့အတွက် မိနစ် ၉၀ လုံးသူတို့ ဘယ်တော့မှအရှုံးပေးမှာ မဟုတ်ပါဘူး"ဟု ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly