ပုလဲမြို့နယ် လက်ပုကန်ကျေးရွာအနီးတိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့မှ ၂ ဦးကျဆုံးပြီး ၄ ဦး ပျောက်ဆုံး

By လွှမ်းမိုး (မဇ္ဈိမ)
05 November 2023
ပုလဲမြို့နယ် လက်ပုကန်ကျေးရွာအနီးတိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့မှ ၂ ဦးကျဆုံးပြီး ၄ ဦး ပျောက်ဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ လက်ပုကန်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲအပြင်း အထန်ဖြစ်ပွားခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်နှစ်ဦးကျဆုံးကာ လေးဦးပျောက်ဆုံးလျှက်ရှိကြောင်း သခင်ဒေါင်းညိုတပ်ဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာလ ၄ ရက်နေ့ ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီတပ်နှင့်ထိပ်တိုက်တိုးကာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး လက်နက်ခဲယမ်းအချို့လည်း ဆုံးရှုံးခဲ့ရကြောင်း သခင်ဒေါင်းညိုက ပြောသည်။

“ရှေ့ကပွိုင့်သွားတဲ့အချိန်မှာ စစ်တပ်နဲ့ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ ကိုက် ၅၀ အတွင်းမှာ မိနစ် ၂၀ လောက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာ ဖြစ်တယ်။ တိုက်ခိုက်မှုအတွင်း လက်နက်ခဲယမ်း နဲ့ သွားလာရေးအတွက်အသုံးပြုနေတဲ့ ကားနှစ်စီး ဆုံးရှုံးခဲ့ရတယ်” ဟု သခင်ဒေါင်းညိုက ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတဦးသေဆုံးပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်နှစ်ဦး ကျဆုံး ကာ လေးဦးပျောက်ဆုံးနေကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းများကြောင့် ပုလဲမြို့နယ်အနောက်ခြမ်းရှိ လက်ပုကန်၊ ကုက္ကိုကုန်း၊ နှောကန်၊ ကြောင်သန်း၊ တုန်းကန်၊ ချောင်းနားကျေးရွာမှ ဒေသခံ ၁၀,၀၀၀ ကျော် စစ်ရှောင်နေရကြောင်း သိရသည်။

“ဖုန်းလိုင်းတွေပြတ်ပြီး ဘာမှအဆက်အသွယ်မရတော့ ရမ်းပြေးရင်း စစ်ကြောင်းနဲ့ ပတ်ပင်းတိုးကြတာ။ စစ်ရှောင်ရင်းပါလာတဲ့ ရွှေတို၊ ငွေစ အကုန်လုံးကို စစ်သားတွေက ခြိမ်းခြောက်ပြီး ယူသွားကြတာ။ ကား တွေအကုန်ချောဆွဲပြီး ရသမျှတင်ယူသွားကြတာ”ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ဒေသခံတဦးက ဆိုသည်။

ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေပြီး နိုဝင် ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းကလည်း ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံ မှ သိရသည်။

စာတည်း။  ။စောဖေ

#မြန်မာသတင်း
#စစ်ကိုင်တိုင်း
#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly